အသက် လေးလအရွယ် ကလေးငယ်များကို ဒီဇင်ဘာတွင် ပိုလီယိုကာကွယ်ဆေးသစ် ထိုးပေးမည်

အသက် လေးလအရွယ် ကလေးငယ်များကို ဒီဇင်ဘာတွင် ပိုလီယိုကာကွယ်ဆေးသစ် ထိုးပေးမည်

တစ်နိုင်ငံလုံးရှိ အသက်(၄)လအရွယ် ကလေးများငယ်များအား လာမည့် ဒီဇင်ဘာလ၌ ပိုလီယို ကာကွယ်ဆေးအသစ် ထည့်သွင်းထိုးနှံမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာနသည် ကလေးများကို ပိုလီယိုရောဂါ ကာကွယ်ရန်အတွက် ပုံမှန်တိုက် ဆေး အပြင်လာမည့် ဒီဇင်ဘာအတွင်း ပိုလီယိုကာကွယ်ဆေးအသစ် ထိုးသွင်းခြင်း အစီအစဉ်ပါ ပါဝင် မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူ ဒေါက်တာ လှလှတင့်က ပြောသည်။

“လောလောဆယ် ကျွန်မတို့က ပိုလီယိုကာကွယ်ဆေး တိုက်ဆေးကို ကလေး အသက် နှစ်လ၊ လေးလ၊ ခြောက်လမှာ တိုက်ကျွေးလျက်ရှိပါတယ်၊ အခု ပိုလီယိုကာကွယ်ဆေးထိုးဆေးကို လေးလဆိုတော့ ဒုတိယတစ်ကြိမ် လာပြီးတော့ ဆေးတိုက်တဲ့ ကလေးကို ထိုးဆေးတစ်ကြိမ် ထိုးပေးလိုက်မှာ ဖြစ်ပါတယ်" ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်လှလှတင့်က ပြောသည်။

ယခု လာမည့် ဒီဇင်ဘာလ၌ အသက်လေးလအရွယ် ကလေးငယ်များကိုသာ ပိုလီယိုကာကွယ် ဆေး အသစ်ထည့် ထည့်သွင်းထိုးနှံခြင်းသည် လေးလသားအရွယ်၌ ပိုလီယိုရောဂါကာကွယ်ဆေး ထိုးနှံရန် အသင့်တော်ဆုံး ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

“စောပြီးထိုးရင်လည်း အာနိသင် မကောင်းပါဘူး၊ နောက်ကျမှ ထိုးရင်လည်း ရောဂါဝင်မယ့် အန္တရယ်များပါတယ်၊ ဒါကြောင့် လေးလသားမှ အသင့်တော်ဆုံးပါ" ဟု ဒေါက်တာ ဒေါ်လှလှတင့်က ပြော သည်။

ကလေးငယ်အား ဆေးထိုးရာတွင် နာကျင်ခြင်း၊ ရောင်ခြင်း၊ ဖျာနာခြင်းများ အဖြစ်များသည့် ဆေးတုံ့ပြန်မှု ဖြစ်နိုင်သော်လည်း အခြားနောက်ဆက်တွဲ ဆိုးကျိုးမရှိဟု ၎င်းက ရှင်းပြသည်။ ကလေးအသက် (၄)လအရွယ်တွင် ပိုလီယို အဆက်ချကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ် ဆေးတို့နှင့် အတူတွဲ၍ တပြိုင်နက်တည်း ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် အသက်လေးလကျော်မှ ကာကွယ်ဆေးထိုးရန် လာရောက်သော ကလေးငယ်များကိုလည်း စောနိုင်သမျှစော၍  ထိုးပေးသင့် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ပိုလီယိုအကြောသေ ရောဂါဖြစ်ပွားလာပါက ကုသရန် နည်းလမ်းမရှိကြောင်းနှင့် ကာကွယ်ဆေးသည်သာ အထိရောက်ဆုံး ကာကွယ်နိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ခြင်းကြောင့် လာမည့် ဒီဇင်ဘာလတွင် ပိုလီယိုကာကွယ်ဆေးအသစ် ထည့်သွင်း ထိုးနှံသည့်အချိန်၌ ကလေးမိခင်း များ အနေဖြင့် ကာကွယ်ဆေးထိုး စုရပ်သို့ လာရောက်ပြီး ကာကွယ်ဆေးထိုးကြရန်လည်း ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly