အမေရိကန်၏ သမိုင်းဝင် COVID-19 ကာကွယ်ဆေး ကမ်ပိန်း စတင်

ဒီဇင်ဘာလ ၁၄

COVID-19 ကာကွယ်ဆေးများ ထည့်ထားသည့် ပထမဆုံး ကုန်သေတ္တာများကို ဒီဇင်ဘာ ၁၃ ရက်အစောပိုင်းက ထရပ်ကားများ၊ လေယာဉ်များပေါ်တွင် တင်ပြီး စတင်ထွက်ခွာပို့ဆောင်ခြင်းနှင့်အတူ အမေရိကန်နိုင်ငံတွင် တစ်ရက်လျင် လူအသက်ပေါင်း ၂,၄၀၀ ကျော် ဆုံးရှုံးစေလျက် ရှိသည့် တစ်လိပ်လိပ်တက်နေသော ကပ်ရောဂါတစ်ခုကို တားဆီးရန် သမိုင်းဝင် အားထုတ်ကြိုးပမ်းမှုတစ်ခုကို စတင်လိုက်သည်။ 

မစ်ချီဂန် ပြည်နယ်ရှိ Pfizer Inc (ဖိုက်ဇာ) စက်ရုံ တစ်ရုံမှ နှာခေါင်းစည်း တပ်ထားသည့် ဝန်ထမ်းများသည် ဒီဇင်ဘာ ၁၃ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီ ခွဲပြီးနောက် ဂျာမနီလုပ်ငန်းပါတနာ BioNTech SE (ဘိုင်ရွန်တက်) နှင့်အတူ ပူးပေါင်း ထုတ်လုပ်ထားသည့် ကာကွယ်ဆေးများကို ပထမဆုံးပို့ဆောင်မှုအတွက် ရေခဲခြောက်များဖြင့် စတင် ထုပ်ပိုးခဲ့ကြသည်။ 

သေတ္တာများဖြင့် ထည့်ထားပြီး ရေခဲရိုက်ထားသည့် ကာကွယ်ဆေးများကို သယ်ဆောင်ထားသည့် ထရပ်ကားများသည် ခန္ဓာကိုယ် အကာအကွယ် ဝတ်စုံများ ဝတ်ထားသည့် လုံခြုံရေး ဝန်ထမ်းများ စောင့်ကြပ်ခြံရံလျက် ကာလာမာဇူးမြို့ စက်ရုံကနေ စတင်ထွက်ခွာလာခဲ့သည်။ ယင်းနောက် အဆိုပါ ကာကွယ်ဆေးများကို FedEx နှင့် United Percel Service လေယာဉ်များပေါ် တင်ဆောင်ပြီး ယင်းလေယာဉ်များက တန်ဖိုးကြီးသော ကုန်ပစ္စည်းများကို နိုင်ငံတဝန်း သယ်ယူပို့ဆောင်ဖြန့်ဖြူးမည်ဖြစ်သည်။ 

“ဒီကနေ့မှာ ကျွန်တော်တို့ဟာ ကုန်စည်တွေကို သယ်ယူပေးတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ မျှော်လင့်ချက်ကို သယ်ယူဆောင်ကြဉ်းပေးနေတာဖြစ်ပါတယ်” ဟု Boyle Transportation လုပ်ငန်းမှ ပူးတွဲဥက္ကဋ္ဌ အန်ဒရူး ဘွိုင်းလီက ပြောသည်။ 

ကာကွယ်ဆေးများကို စက်ရုံကနေ မစ်ချီဂန်ပြည်နယ် လန်ဆင်းမြို့ရှိ အသင့်စောင့်နေသော လေယာဉ်တစ်စင်းထံ သယ်ပေးရန် အဆိုပါ Boyle Transportation သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို UPS က ငှားရမ်းထားခဲ့ခြင်း ဖြစ်သည်။ 

ဓာတုကုထုံးများနှင့် အခြား အသက်ကယ်ဆေးဝါးများကို ဆယ်စုနှစ်များစွာကြာ သယ်ယူပို့ဆောင်မှု အတွေ့အကြုံတွေ ရှိနေမှုက ယခု တနင်္ဂနွေ သမိုင်းဝင် သယ်ယူပို့ဆောင်မှုအတွက် သူမကို ကောင်းကောင်း ပြင်ဆင်ပြီးသားဖြစ်စေခဲ့ကြောင်း Boyle ဝန်ထမ်းတစ်ဦးဖြစ်သည့် အသက် ၅၆ နှစ်ရှိ ဘွန်နီ ဘရူးဝါးက ပြောသည်။ 

“ဒါဟာ မယုံနိုင်စရာ ကောင်းသလိုမျိုး ခံစားရပါတယ်” လို့ ကာကွယ်ဆေး သေတ္တာများကို ဘေးကင်းကင်းဖြင့် သယ်ယူပြီးနောက် ဘရူးဝါးက ရိုက်တာကို ပြောသည်။ 

အမေရိကန် ဆေးရုံများသည် ပထမဆုံး ကာကွယ်ဆေးများကို တနင်္လာနေ့တွင် စတင်ထိုးနှံရန် ပြင်ဆင်လျက် ရှိသည်။ သို့သော် အမေရိကန် ပြည်သူအများစုသည် COVID-19 ကာကွယ်ဆေးကို ရရှိနိုင်ရန် လများနှင့်ချီ ကြာဦးမည်ဖြစ်သည်။  

ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းများနှင့် ကာလကြာသက်ကြီးစောင့်ရှောက်မှု ဂေဟာများရှိ သက်ကြီးရွယ်အိုများသည် သုံးပတ်ခန့် ခြားပြီး နှစ်လုံးစီ ထိုးရမည့် ကာကွယ်ဆေး ထိုးနှံမှုတွင် ပထမဆုံး ဦးစားပေးနေရာတွင် ရှိနေသည်။ 

မတ်လကုန်ပိုင်းတွင် အမေရိကန် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့် သို့မဟုတ် လူပေါင်း သန်း ၁၀၀ ကျော်သည် ကာကွယ်ဆေးထိုးပြီးဖြစ်နေနိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်၏ ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ဖြူးမှု Operation Warp Speed အစီအစဉ်၏ အကြံပေးအရာရှိချုပ် ဒေါက်တာ မွန်ဆက်ဖ် ဆလော်အူယီက ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly