Pfizer-BioNTech ၏ ကိုဗစ်ကာကွယ်ဆေး ကနေဒါသို့ ပထမဆုံးအသုတ် ရောက်ရှိ  

Pfizer-BioNTech ၏ ကိုဗစ်ကာကွယ်ဆေး ကနေဒါသို့ ပထမဆုံးအသုတ် ရောက်ရှိ  

ဒီဇင်ဘာ ၁၄  

Pfizer-BioNTech က ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဒီဇင်ဘာ ၁၃ ရက် တနင်္ဂနွေနေ့က ကနေဒါနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာပြီဟု ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးကပြောဆိုလိုက်ပြီး ကနေဒါပြည်သူများသည် အစောဆုံး တနင်္လာနေ့ကစ၍ ကာကွယ်ဆေး စတင်ထိုးနှံမည်ဟု မျှော်လင့်ရသည်။ 

ယူကေက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသစ်ကို စတင်ထိုးနှံပြီးနောက် ကနေဒါနှင့်အမေရိကန်တို့သည် ယခုသီတင်းပတ်တွင် ကာကွယ်ဆေးစတင်ထိုးသည့် ပထမဆုံးအနောက်နိုင်ငံများဖြစ်သည်။  

ပထဆုံးအသုတ်အနေဖြင့် ထိုးဆေးအလုံးပေါင်း ၃၀ ၀၀၀ သည် ကနေဒါတစ်လွှားရှိ နေရာ ၁၄ ခုသို့ ပို့ဆောင်မည်ဖြစ်သည်။ ရေရှည်စောင့်ရှောက်မှုပေးသည့်ဂေဟာများမှ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများအပါအဝင် အထိခိုက်အလွယ်ဆုံးသူများကို ဦးစားပေးကာ ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်သည်။ 

"လာမယ့်သီတင်းပတ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပုံမှန်ဆက်ထိုးပေးသွားမှာဖြစ်ပြီး ဒီနှစ်အကုန်ပိုင်းမှာ ထိုးဆေးအလုံးပေါင်း ၂၄၉ ၀၀၀ ထိုးပေးသွားမယ်လို့ မျှော်လင့်ထားပါတယ်" ဟု ကာကွယ်ဆေးဖြန့်ချိရေးကြီးကြပ်သူ ဗိုလ်ချုပ် Dany Fortin ကပြောသည်။ "ကာကွယ်ဆေးရောက်ရှိလာတာ သတင်းကောင်းတစ်ခုပါပဲ၊ ကျွန်တော်တို့တွေ ကိုဗစ်နဲ့တိုက်ပွဲဝင်လို့ မပြီးဆုံးသေးပါဘူး" ဟု ထရူးဒိုးက ဆိုသည်။ 

ကနေဒါတွင် တနင်္ဂနွေနေ့က ရောဂါကူးစက်ခံရသူ  ၅ ၈၉၁ ဦးရှိခဲ့ပြီး စုစုပေါင်း ၄၆၀ ၇၄၃ ဦးရှိပြီဖြစ်သည်။ ဇန်နဝါရီလတွင် နေ့စဉ်ကူးစက်မှုအသစ် ၁၂ ၀၀၀ မြင်တွေ့ရဖွယ်ရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက သောကြာနေ့က ပြောသည်။  

စနေနေ့က ကိုဗစ်ကြောင့် သေဆုံးသူ ၈၁ ဦးရှိခဲ့ပြီး နိုင်ငံအတွင်း သေဆုံးသူစုစုပေါင်း ၁၃ ၄၃၁ ဦးရှိပြီဖြစ်သည်။  

ကနေသည် ဒုတိယမြောက်အဖြစ် Moderna ၏ ကိုဗစ်ကာကွယ်ဆေးကိုလည်း မကြာမီ အတည်ပြုမည်ဟု မျှော်လင့်ရပြီး ယခုသီတင်းပတ်အကုန်တွင် တင်ပို့မှုများကို လက်ခံရန် အဆင်သင့်ဖြစ်လိမ့်မည်ဟု Fortin ကဆိုသည်။  

ကာကွယ်ဆေးဓာတ်မတည့်သူများအနေဖြင့် Pfizer-BioNTech ၏ ကာကွယ်ဆေးကို မထိုးသင့်ကြောင်း အစိုးရက သတိပေးထားသည်။  

Pfizer နှင့် Moderna တို့၏ ကာကွယ်ဆေးပမာဏ ခြောက်သန်းကို မတ်လမတိုင်ခင် ရရှိမည်ဟုမျှော်လင့်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ထိုကာကွယ်ဆေးများသည် သုံးပတ်ခြား၍ နှစ်ကြိမ်ထိုးရန်လိုအပ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly