အင်န်အယ်လ်ဒီနဲ့ စစ်တပ် ဘယ်လောက် ညွန့်ပေါင်းမလဲ

အင်န်အယ်လ်ဒီနဲ့ စစ်တပ် ဘယ်လောက် ညွန့်ပေါင်းမလဲ

ပြောင်းလဲချိန်တန်ပြီဟူသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ၏ ရွေးကောက်ပွဲဝင် ဆောင်ပုဒ်သည် မဲဆန္ဒရှင် ပြည်သူများ၏ ဟဒယကို တိုက်ရိုက် ထိမှန်စေခဲ့သည်။ စစ်အာဏာရှင် များနှင့် အကြွင်းအကျန်များက နှစ်ပေါင်း ၅၀ ကျော် ဖိနှိပ်အုပ်ချုပ်ထားမှုကို တော်လှန် ပြောင်းလဲလိုသော ပြည်သူများ အတွက် လိုအပ်ချက်အမှန်ကို အင်န်အယ်လ်ဒီက ထုတ်ဖော်ပြောဆိုပြီး ဆွဲယူလိုက် ချိန်တွင် ပြည်သူအများစုမှာ ကောက်ကောက် ပါသွားခဲ့သည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘန်ကာက ရှိနေသေးသည်။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်အာဏာရှင်များက အချိန်ယူ စိတ်ကြိုက် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ အချို့က စစ်အာဏာရှင် မျိုးဆက် အဆက်ဆက်ကို စာနှင့်ပေနှင့် ဥပဒေနှင့် တရားဝင် အသက်သွင်းထားခြင်းဖြစ်သည်ဟု ဝေဖန်ကြသည်။ စစ်တပ် အကြီးအကဲများကလည်း ယင်းအခြေခံဥပဒေကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ကြမည်ဟု ဆုံးဖြတ်ထားကြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူများအကျိုးအတွက် ရေးဆွဲထားခြင်း မဟုတ်ဘဲ စစ်အာ ဏာရှင် အဆက်ဆက်တို့၏ အကျိုးစီးပွားအတွက် ရေးဆွဲထားခြင်းဖြစ်ကြောင်း ဒီမိုကရေစီ အင်အားစု များနှင့် ဥပဒေပညာရှင်များက အကြိမ်ကြိမ်အခါခါ ထုတ်ဖော်ပြောဆိုထားကြသဖြင့် ပြည်သူများမှာ မလိုလား၊ မနှစ် သက်ကြပါ။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပါမည့်အကြောင်း အင်န်အယ်လ်ဒီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ပြည်သူလူထုထံမှ လက်မှတ်ငါးသန်း ကောက်ခံ ထုတ်ဖော်ခဲ့ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်တပ်ကို အကြွင်းမဲ့ အာဏာများစွာကို ပေးထားသည်။ ပြည့်မ ဏ္ဍိုင်ဟု ပြောရမည့် လွှတ်တော်၊ အစိုးရနှင့် တရားစီရင်ရေး ကဏ္ဍများတွင် စစ်တပ်သည် ပိုပိုသာသာ အာဏာ များ ယူထားကြသည်။ သို့ဖြစ်ရာ စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်သော လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်တွင်း ထိုင်ခုံနေရာ တစ်နေရာမှ မရရှိစေဦး (ရှုံးစေဦး) ဆိုခဲ့ပါ တိုင်းပြည်၏ အာဏာသုံးရပ်တွင် စစ်တပ်မှာ ထိပ်ပိုင်းက ရှိနေဆဲဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၅၁ သန်းသော ပြည်သူများကို ကိုယ်စားပြုသည့် မဲဆန္ဒရှင် ပြည်သူများသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ရှိ အဓိက အတိုက်အခံ ပါတီကြီးဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ကို ၎င်းတို့အား ကိုယ်စားပြုကာ အုပ်ချုပ် ပါမည့်အကြောင်း တရားဝင် ဆန္ဒပြုထုတ်ဖော် လိုက်ကြသည်။

ယင်းမဲဆန္ဒရှင် ပြည်သူများတွင် စစ်သားများ၊ အရပ်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ခရိုနီဝန်ထမ်းများ၊ အခြေခံပြည်သူများ စသည်ဖြင့် အစုံအပုံ ပါဝင်ခဲ့သည်။ ရှင်းလင်းသော တွက်ချက်မှုများ အရဆိုလျှင် အင်န်အယ်လ်ဒီသည် လာမည့် ဒုတိယအကြိမ် လွှတ်တော်နှင့် အစိုးရသစ်ကို ဦးဆောင်ရုံသာရှိသည်။ အမှန်မှာ ထိုသို့မဟုတ်ပါ၊ ပြည်သူများ မလိုလား လက်မ ခံသော စစ်အာဏာရှင်အကျိုးပြု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် အန်အယ်လ်ဒီသည် ပြည်သူ့အကျိုး အတွက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည်များကို ကိုယ်ထီးတည်း မဆောင်ရွက်နိုင်ပါ။ စစ်တပ်အလိုပါမှ ဆောင်ရွက်နိုင် မည် ဖြစ်သည်။ ပွင့်လင်းစွာ ဆိုအပ်သော် အင်န်အယ်လ်ဒီသည် စစ်တပ်နှင့် ညွန့်ပေါင်းပြုရမည့် သဘော ရှိနေပါသည်။

အင်န်အယ်လ်ဒီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသား ပြည်နယ်များပါမချန် အလုံး အရင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။ နိုဝင်ဘာ ၁၅ တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့် ရွေးကောက်ပွဲ ရလဒ်များအရ အင်န်အယ်လ်ဒီသည် လွှတ်တော် သုံးရပ်စလုံးတွင် ၈၀ ရာခိုင်ခိုင်နှုန်း ဝန်းကျင်ဖြင့် အနိုင်ရရှိခဲ့သည်။

သို့သော် အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းမည့် သမ္မတကို ရွေးချယ်ပေးရသည့် ပြည်ထောင်စု လွှတ်တော်၏ ဖွဲ့စည်းပုံအရဆိုလျှင် ရွေးကောက်ပွဲမဝင်၊ လူထုထောက်ခံမှု မရှိဘဲ လွှတ်တော်တွင်း အလိုအ လျောက် မိုးကျရွှေကိုယ်အသွင် ဝင်ရောက်လာကြမည့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုလည်း ထည့်သွင်း တွက်ချက်ရမည်ဖြစ်သောကြောင့် အင်န်အယ်လ်ဒီသည် ပြည်ထောင်စု လွှတ်တော်တွင်းတွင် ထိုင်ခုံနေရာ ၆၀ ရာခိုင်နှုန်း ဝန်းကျင်ကိုသာ ရရှိပါလိမ့်မည်။

သို့ဖြစ်ရာ အင်န်အယ်လ်ဒီ အစိုးရသစ်သည်လည်း မပြင်ဆင်နိုင်သေးသော တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်မှ ဒုတိယသမ္မတတစ်ဦး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဆိုင်ရာ စစ်ဝန်ကြီးသုံးဦးနှင့် ပေါင်းစပ်ဖွဲ့စည်းရမည့် ညွန့်ပေါင်းအစိုးရသာ ဖြစ်လာပါလိမ့်မည်။ အင်န်အယ်လ်ဒီက ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုု အနိုင်ရပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၏ လွှတ်တော်သုံးရပ် တွင်းတွင် ထိုင်ခုံအများစု ရလင့်ကစား အဓိက အတိုက်အခံအသွင်နှင့် စစ်တပ်ကိုယ်စားလှယ်များက ရှိနေပါ လိမ့်မည်။

ဤတွင် တိုင်းပြည်နှင့် လူထုကောင်းစားရေးအတွက် အလုပ်လုပ်မည့် အစိုးရသစ်နှင့် လွှတ်တော်သစ် များတွင် အင်န်အယ်လ်ဒီနှင့် စစ်တပ်သည် အဓိက ဖက်စပ်လုပ်ကိုင်ရမည်ဖြစ်ရာ မည်သို့သော ညွန့်ပေါင်းမျိုး သို့မဟုတ် မည်သို့သော ပေါင်းစပ်မှုမျိုးသည် အကောင်းဆုံး ဖြစ်မည်နည်းဆိုသော မေးခွန်းသည် အရေးတကြီး ဖြေဆိုရမည့်အချိန် ဖြစ်ပါသည်။ အဖြေမှာ အင်န်အယ်လ်ဒီနှင့် စစ်တပ်သည် တိုင်းပြည်နှင့် လူထုအပေါ် မည်၍ မည်မျှ မျက်နှာမူကြလိမ့်မည် ဆိုသည့်အပေါ်တွင် တည်မှီနေလိမ့်မည်ဟု မဇ္ဈိမက ယုံကြည်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags