ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းနုတ်ထွက်ပေးဖို့ အတိုက်အခံပါတီမဟာမိတ်တွေ စုဝေးဆန္ဒပြ  

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းနုတ်ထွက်ပေးဖို့ အတိုက်အခံပါတီမဟာမိတ်တွေ စုဝေးဆန္ဒပြ  

ဒီဇင်ဘာ ၁၄  

ပါကစ္စတန်အတိုက်အခံပါတီမဟာမိတ်အဖွဲ့ကို ထောက်ခံသူ ထောင်ပေါင်များစွာဟာ ဝန်ကြီးချုပ်အီမရန်ခန်းအစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ တနင်္ဂနွေနေ့က လာဟိုးမြို့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ 

Pakistan Democratic Movement လို့ခေါ်တဲ့ အတိုက်အခံပါတီမဟာမိတ်အဖွဲ့ရဲ့ နိုင်ငံတစ်ဝန်း စုဝေးဆန္ဒပြမှုတွေအနက် နောက်ဆုံးလှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။  

အတိုက်အခံပါတီ ၁၁ ဖွဲ့ပါဝင်တဲ့မဟာမိတ်အဖွဲ့က   ဝန်ကြီးချုပ်အီမရန်ခန်း နုတ်ထွက်ပေးဖို့၊ ပါလီမန်ရွေးကောက်ပွဲတွေ အသစ်တဖန် ကျင်းပပေးဖို့  တောင်းဆိုခဲ့ပြီးတဲ့နောက် ပါကစ္စတန်ရဲ့ ဒုတိယအကြီးဆုံးမြို့ လာဟိုးမှာ အစိုးရဆန့်ကျင်သူတွေက ခုလို စုဝေးဆန္ဒပြခဲ့တာဖြစ်ပါတယ်။ 

ဝန်ကြီးချုပ် အီမရန်ခန်းရဲ့ ခေါင်းဆောင်မှုအောက်မှာ ကုန်ဈေးနှုန်းတက်မှုနဲ့ ညံ့ဖျင်းတဲ့စီးပွားရေးအလားအလာတွေအပေါ်  စိတ်ဆိုးဒေါထွက်နေတဲ့ ပြည်သူတွေက အတိုက်အခံပါတီတွေရဲ့ စည်းရုံးလှုံ့ဆော်မှုကို ထောက်ခံပြီး အစိုးရကို ဆန္ဒပြဖို့ စုဝေးခဲ့တာဖြစ်ပါတယ်။ 

ဆန္ဒပြသူအများစုဟာ ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းပါးတဲ့ ပြည်သူတွေဖြစ်ပါတယ်။ 

အကျင့်ပျက်ခြစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၁၇ ခုနှစ်တုန်းက တရားရုံးချုပ်ရဲ့အမိန့်နဲ့ ရာထူးက ဖယ်ရှားခြင်းခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ်ရှာရစ် က အတိုက်အခံပါတီမဟာမိတ်အဖွဲ့ရဲ့ Pakistan Democratic Movement (PDM) လှုပ်ရှားမှုကို အားပေးခဲ့ပါတယ်။  

နာဝက်ဇ်ရဲ့သမီးဖြစ်သူ ပါကစ္စတန်မူစလင်အဖွဲ့ချုပ်ရဲ့ခေါင်းဆောင် မာယမ်နာဝက်ဇ်က “ဝန်ကြီးချုပ်အီမရန်ခန်းဟာ စက်မှုလုပ်ငန်း၊ ပြည်သူတွေရဲ့စီးပွားရေးနဲ့ အဖွဲ့အစည်းတွေကို ဖျက်ဆီးတဲ့အတွက် အစိုးရအဖွဲ့ကနေ နုတ်ထွက်ရပါမယ်။ အီမရန်ခန်းဟာ သူရဲ့လူတန်းစားကိုပဲ တန်ဖိုးမြှင့်တင်ပေးခဲ့တာပါ။ နိုင်ငံ့စီးပွားရေးကို ဖျက်ဆီးတဲ့အတွက် အခုပဲနုတ်ထွက်ရပါမယ်” လို့ စုဝေးပွဲမှာ ပြောခဲ့ပါတယ်။ 

Pakistan Democratic Movement ရဲ့ ဥက္ကဋ္ဌ မိုအန်နာရာမန်က “ဩဇာရှိ ရှေးရိုးဝါဒီနဲ့ ထောက်လှမ်းရေးအေဂျင်စီရဲ့ အခန်းကဏ္ဍကို နိုင်ငံရေးကနေ ဖယ်ရှားပြီး လွတ်လပ်တဲ့ တာဝန်ခံမှု သဘောထားခံယူချက်တွေကို နိဒါန်းပျိုးရပါမယ်” လို့ ဆိုပါတယ်။  

အတိုက်အခံပါတီမဟာမိတ်အဖွဲ့ဟာ ဝန်ကြီးချုပ်အီမရန်ခန်းရဲ့အစိုးရကို ဖိအားပေးဖို့ လာမယ့် ဇန်နဝါရီလမှာလည်း မြို့တော် အစ္စလာမာဘတ်မှာ စုဝေးချီတက်ဖို့ စီစဉ်ထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly