ထရမ့် လိုလားထောက်ခံသူတွေ ဝါရှင်တန်ဒီစီမှာ စုဝေးခဲ့ကြပြီး တင်းမာမှုတွေ ပေါ်ပေါက် 

ထရမ့် လိုလားထောက်ခံသူတွေ ဝါရှင်တန်ဒီစီမှာ စုဝေးခဲ့ကြပြီး တင်းမာမှုတွေ ပေါ်ပေါက် 
Photo - AFP

ဒီဇင်ဘာ ၁၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပေါ် ထောက်ခံသူတွေဟာ ဒီဇင်ဘာ ၁၂ ရက် ညနေခင်းက ဝါရှင်တန်ဒီစီ မြို့ထဲမှာ စုဝေးခဲ့ကြပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ထရမ့် ထောက်ခံသူတွေဟာ အဆိုပါစုဝေးပွဲအတွင်း ရဲတွေနဲ့အကြား လုံးထွေးသတ်ပုတ်မှုတွေလည်း ရှိခဲ့ပါတယ်။ 

ထောင်နဲ့ချီတဲ့ အနီရောင်ဦးထုပ်ဆောင်း ဆန္ဒပြသူတွေဟာ ဒီဇင်ဘာ ၁၂ ရက်က ဝါရှင်တန်ရဲ့ လမ်းတွေပေါ်မှာ ရောက်လာခဲ့ကြပြီး ဒေါ်နယ်ထရမ့်ရဲ့ သမ္မတသက်တမ်း နောက်လေးနှစ် ထမ်းခွင့်ရရေး တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ကြီးမားတဲ့ မသမာမှုတွေကြောင့် ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ကို အနိုင်ရစေခဲ့တယ်လို့ ၎င်းတို့က သက်သေအထောက်အထားမပါဘဲ အခိုင်အမာ ပြောခဲ့ပြီး ဒါနဲ့ပတ်သက်လို့ ရှုတ်ချဖို့အတွက် စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။ 

ဘိုင်ဒင်ရဲ့ နိုဝင်ဘာ ၃ ရက် အောင်ပွဲရလဒ်ကို ပယ်ဖျက်စေဖို့ ထရမ့် ထောက်ခံသူတွေရဲ့ နောက်ဆုံးအကြိမ် အားထုတ်မှုတစ်ရပ်ကို အမေရိကန် နိုင်ငံတော်တရားရုံးချုပ်က ဒီဇင်ဘာ ၁၁ ရက်မှာ ပယ်ချထားခဲ့ပေမယ့်လည်း ဒီ စုဝေးပွဲမှာ ပါဝင်ခဲ့သူတွေက ၎င်းတို့ရဲ့ သမ္မတကိုယ်စားလှယ်လောင်းသာ ရွေးကောက်ပွဲ နိုင်ခဲ့ကြောင်းနဲ့ ၎င်းတို့ရဲ့ အမြင်သဘောထားတွေကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ဖို့ လုပ်နေတာဖြစ်တယ်လို့ အခိုင်အမာ ပြောခဲ့ကြပါတယ်။ 

ထရမ့် လိုလားသူ ထောင်နဲ့ချီတို့ဟာ ဝါရှင်တန်ဒီစီက လွတ်လပ်ခွင့် ပလာဇာအနီး စုဝေးခဲ့ကြပါတယ်။ 

ဒီ စုဝေးပွဲဟာ ပါဝင်သူအင်အားဟာ အတော်အတန် ကြီးမားတယ်ဆိုပေမယ့် ပြီးခဲ့တဲ့ လတုန်းက ထရမ့်ကို ထောက်ခံဖို့ အိမ်ဖြူတော်အနီး လူ တစ်သောင်းခန့် စုဝေးခဲ့တဲ့ အလားတူ စုဝေးပွဲတစ်ခုနဲ့ ယှဉ်ရင်တော့ အင်အားနည်းပါးနေပါတယ်။ 

“ကျွန်တော်တို့ကတော့ လက်လျှော့သွားမှာ မဟုတ်ပါဘူး” လို့ အိုင်ဒါဟိုပြည်နယ်ကနေ လာရောက်ခဲ့တဲ့ လူကီ ဝီလ်ဆင်အမည်ရ အသက် ၆၀ အရွယ် ဆန္ဒပြသူတစ်ဦးက ပြောခဲ့ပါတယ်။ 

“အမေရိကန်ပြည်သူတွေအပေါ်မှာ လုပ်ဆောင်ထားခဲ့တဲ့ မတရားမှုကြီးတစ်ခု ရှိနေတယ်လို့ ကျွန်တော် ယုံကြည်နေမိတယ်” လို့ ထရမ့်ရဲ့ နိုင်ငံရေးစည်းရုံးပွဲတွေမှာ ပုံမှန်တက်နေကျတစ်ဦးဖြစ်တဲ့ ဒဲလ် ကွစ်ခ်က ပြောပါတယ်။ 

နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်နဲ့ပတ်သက်လို့ ရီပတ်ဘလစ်ကန် အချို့အပါအဝင် ပြည်နယ် ရွေးကောက်ပွဲ တာဝန်ရှိသူတွေ၊ အဓိကကျတဲ့ ပြည်နယ်တချို့က တရားသူကြီးတွေ အတည်ပြုထားပြီးပြီ ဆိုပေမယ့်လည်း ဆန္ဒပြသူတွေဘက်က ဒီရလဒ်နဲ့ပတ်သက်လို့ ဆန္ဒပြသူတွေဘက်က ဖြေရှင်းချက်အမျိုးမျိုးနဲ့ စောဒကတက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ 

ပြည်နယ်တိုင်းဟာလည်း ဘိုင်ဒင် အနိုင်ရမှုကို မှန်ကန်ကြောင်း အတည်ပြုထားပြီ ဖြစ်ကာ လက်ရှိရလဒ်တွေအရ ဘိုင်ဒင်ဟာ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်မဲ ၃၀၆ မဲ ရမှာဖြစ်ပြီး ထရမ့်ကတော့ ကိုယ်စားလှယ် ၂၃၂ မဲ ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် အနိုင်ရဖို့အတွက် ကိုယ်စားလှယ်မဲ ၂၇၀ ရဖို့ လိုအပ်တာဖြစ်ပါတယ်။ သမ္မတရွေးချယ်တင်မြှောက်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ တနင်္လာနေ့မှာ တရားဝင် မဲပေးကြတော့မှာဖြစ်ပါတယ်။ 

ဒါပေမယ့် ထရမ့် ထပ်တလဲလဲ ပြောနေသလိုမျိုး ဆန္ဒပြသူတွေကလည်း ဒီရွေးကောက်ပွဲမှာ မသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly