အစိုးရကို ဆန့်ကျင်တဲ့ ဂျာနယ်လစ်ကို အီရန်အာဏာပိုင်တွေ ကွပ်မျက် 

အစိုးရကို ဆန့်ကျင်တဲ့ ဂျာနယ်လစ်ကို အီရန်အာဏာပိုင်တွေ ကွပ်မျက် 
Photo - AFP

ဒီဇင်ဘာ ၁၃

အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ပတ်သက်ထားခဲ့ပြီး ပြင်သစ်နိုင်ငံမှာ ပြည်ပြေးအဖြစ် သွားရောက်နေထိုင်ခဲ့ဖူးတဲ့ အတိုက်အခံ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ရူဟိုလာ ဇမ်ကို အီရန်အာဏာပိုင်တွေက ဒီဇင်ဘာ ၁၂ ရက်မှာ ကွပ်မျက်ခဲ့ပါတယ်။ 

အီရန် အစ္စလမ္မစ်သမ္မတနိုင်ငံကို ဆန့်ကျင်ပြီး ကြီးလေးတဲ့ ပြစ်မှုတွေ ကျူးလွန်ထားခဲ့တယ်ဆိုပြီး ရူဟိုလာ ဇမ် အပေါ် ချမှတ်ထားခဲ့တဲ့ သေဒဏ်ပြစ်ဒဏ်ကို တရားရုံးချုပ်က ဆက်လက်ထိန်းသိမ်းအတည်ပြုခဲ့ပြီးနောက် ယမန်နေ့ မနက်ပိုင်းမှာ တန်ပြန်တော်လှန်ရေးသမား ရူဟိုလာ ဇမ်ကို ကြိုးပေးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံက ဖော်ပြပါတယ်။ 

ဇမ်ရဲ့ ပြစ်ဒဏ်ကို နိုင်ငံတော် တရားရုံးချုပ်က ပြီးခဲ့တဲ့ တစ်လကျော်လောက်က အတည်ပြုခဲ့တာဖြစ်ကြောင်း တရားရေးအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂိုလမ်ဟိုစိန် အစ္စမေးလီက ပြောပါတယ်။ 

ခုလို ကြိုးပေးစီရင်ချက်ကို အတည်ပြုပြီးနောက်ပိုင်း လန်ဒန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Amnesty International က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ရာမှာတော့ ကွပ်မျက်ခံရတဲ့ ဇမ်ဟာ ဂျာနယ်လစ်တစ်ဦးဖြစ်သလို အစိုးရနဲ့ သဘောကွဲလွဲသူဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ခုလို ဇမ်ကို ကွပ်မျက်လိုက်ကြောင်း အတည်ပြုလိုက်မှုက အီရန်မှာ သေဒဏ်ပြစ်ဒဏ်ကို ဖိနှိပ်မှု လက်နက်တစ်ခုအနေနဲ့ အသုံးပြုမှုက ထိတ်လန့်စရာကောင်းလောက်အောင် မြင့်တက်နေတာကို ပြသနေတယ်လို့ Amnesty International က ပြောသွားခဲ့ပါတယ်။ 

အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဇမ်ကို ဖမ်းဆီးမှုကို  ၂၀၁၉ ခုနှစ် အောက်တိုဘာမှာ ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းဟာ ပြင်သစ် ထောက်လှမ်းရေးရဲ့ စီစဉ်ညွန်ကြားမှုကို ခံယူထားခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ 

ဇမ်ဟာ နိုင်ငံတစ်ချို့ရဲ့ ထောက်လှမ်းရေး အဖွဲ့တွေရဲ့ အကာအကွယ်ပေးမှုအောက်မှာ ရှိနေခဲ့တယ်လို့လည်း အီရန် နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။ 

ဇမ်ဟာ ပြင်သစ်နိုင်ငံနဲ့ ဒေသတွင်းရှိ အမည်မဖော်ပြတဲ့ နိုင်ငံတစ်နိုင်ငံအတွက် သူလျှို လုပ်ပေးခဲ့မှုအတွက် စီရင်ချက်ချမှတ်ခံခဲ့ရတယ်လို့ အီရန် IRNA သတင်းအေဂျင်စီက ဖော်ပြပါတယ်။ ဒ့ါအပြင် ဇမ်ဟာ ရန်လိုတဲ့ အမေရိကန်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့သလို အီရန်နိုင်ငံရဲ့ လုံခြုံရေးကို ဆန့်ကျင် လုပ်ဆောင်ခဲ့ပြီး အစ္စလမ်ဘာသာရဲ့ မွန်မြတ်သန့်စင်မှုကို စော်ကားတာ၊ ၂၀၁၇ ဆန္ဒပြပွဲတွေအတွင်း ဆူပူအကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်တာတို့ကို ကျူးလွန်ထားခဲ့တယ်လို့လည်း ယင်းသတင်းအေဂျင်စီက ဖော်ပြပါတယ်။              

၂၀၁၇ ဒီဇင်ဘာနဲ့ ၂၀၁၈ ဇန်နဝါရီအကြား စီးပွားရေး ဆင်းရဲဒုက္ခတွေကြောင့် အစပျိုးဖြစ်ပေါ်ခဲ့တဲ့ မငြိမ်မသက်ဖြစ်မှုတွေအတွင်း လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly