ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေကြေညာဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကုလ တိုက်တွန်း 

ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေကြေညာဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကုလ တိုက်တွန်း 
Photo - AFP

ဒီဇင်ဘာ ၁၃ 

ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနောက်ပိုင်းကျရင် ပိုမို စိမ်းလန်းတဲ့ တိုးတက်မှုတွေကို ပုံဖော်ကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီဇင်ဘာ ၁၂ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။ 

အထင်ကရ ပါရီ ရာသီဥတု သဘောတူစာချုပ် ငါးနှစ်ပြည့်အထိမ်းအမှတ် ညီလာခံတစ်ရပ်ကို ဒီဇင်ဘာ ၁၂ ရက်မှာ ကျင်းပရာမှာ ခုလိုမျိုး ကုလအကြီးအကဲက တိုက်တွန်းသွားခဲ့တာ ဖြစ်ပါတယ်။ 

ကမ္ဘာလုံးဆိုင်ရာ အပူချိန်တွေ မြင့်တက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် လက်ရှိ ရှိနေတဲ့ ကတိပြုလုပ်ဆောင်ချက်တွေဟာ မလုံလောက်သေးဘူးဆိုပြီး ကုလသမဂ္ဂက သတိပေးနေချိန် ဒီ ရာသီဥတု ရည်မှန်းချက် ညီလာခံကို အွန်လိုင်းကနေတဆင့် ကျင်းပနေတာ ဖြစ်ပါတယ်။ 

အပူချိန်မြင့်တက်မှုကို ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စိယပ်စ်အထိသာ ကန့်သတ်ဖို့အတွက် ၂၀၁၅ ခုနှစ်က ပါရီမြို့မှာ ပြုလုပ်ခဲ့တဲ့ ကတိကဝတ်တွေက မလုံလောက်သေးဘူးလို့ ကုလ အတွင်းရေးမှူးချုပ်က ဗြိတိန်နဲ့ ပြင်သစ်တို့ အိမ်ရှင်အဖြစ် ပူးတွဲဆောင်ရွက်တဲ့ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။ 

“တကယ်လို့ ကျွန်တော်တို့ ဦးတည်ရာလမ်းကြောင်းကို မပြောင်းဘူးဆိုရင် ကျွန်တော်တို့ဟာ ဒီရာစုနှစ်ထဲမှာ အန္တရာယ်ကြီးမားလှတဲ့ ၃ ဒသမ ၀ ဒီဂရီ ကျော်တဲ့ အပူချိန်မြင့်တက်မှုတစ်ခုဆီ ဦးတည်ကောင်း ဦးတည်သွားနိုင်ပါတယ်” လို့ ၎င်းက ပြောသွားခဲ့ပါတ်။ 

“ဒါကြောင့်မို့လည်း ကမ္ဘာတစ်ဝန်းက ခေါင်းဆောင်တွေ အားလုံးကို သူတို့တွေရဲ့ နိုင်ငံတွေမှာ ကာဘွန်ထုတ်လွှတ်မှု ကင်းစင်တဲ့ အခြေအနေဆီ မရောက်မချင်း ရာသီဥတု အရေးပေါ် အခြေအနေတစ်ရပ် ကြေညာဖို့ ဒီနေ့မှာ ကျွန်တော့်ဘက်က တိုက်တွန်းရခြင်း ဖြစ်ပါတယ်” လို့ ကုလအတွင်းရေးမှူးချုပ်က ပြောသွားပါတယ်။ 

ဒါ့အပြင် COVID-19 ကနေ ပြန်နာလန်ထူလာမှုကတော့ ဖြစ်ထွန်းတိုးပွားမှုကို ပြန်လည် စံကိုက်ချိန်ညှိနိုင်မယ့် ကြုံတောင့်ကြံုခဲ အခွင့်အရေးတစ်ခုအဖြစ် ပြသနေခဲ့တယ်လို့လည်း ၎င်းက ပြောသွားခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာလည်းပဲ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ရာသီဥတု ညီလာခံမှာ ပြောကြားရာမှာတော့ ကာကွယ်ဆေးတွေ ထွက်ပေါ်လမ်းပွင့်လာနေပြီ ဆိုတဲ့မျှော်လင့်ချက်နဲ့အတူ ဒုက္ခသုက္ခ ရောက်ရတဲ့ ကပ်ရောဂါ နှစ်တစ်နှစ်ဟာ အဆုံးသတ်ကို ရောက်နေခဲ့ပြီလို့ ပြောသွားပါတယ်။ 

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါထက် ပို ဆိုးဝါးတဲ့၊ ပိုပြီး ထိခိုက်ပျက်စီးစေနိုင်တဲ့ စိန်ခေါ်မှုတစ်ခုကနေ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ဟာ သိပ္ပံဆိုင်ရာ ချဉ်းကပ်မှုနည်းလမ်းတွေကို အတူတကွ အသုံးပြုသွားနိုင်ပါတယ်၊ ဒါက ခင်ဗျားတို့ အားလုံးကို ကျွန်တော် ပေးချင်တဲ့ မက်ဆေ့ချ်ပါ” လို့ ဂျွန်ဆင်က ပြောသွားခဲ့ပါတယ်။ 

ဒါ့အပြင် ဗြိတိန်အနေနဲ့ ရာသီဥတုနဲ့ပတ်သက်လို့ လုပ်ဆောင်နေကြောင်း၊ ဒါဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းလိုစိတ် ပြင်းပြသူတွေ ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေလို့ မဟုတ်ကြောင်း၊ ဒါပေမယ့်လည်း သိပ္ပံဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှုတွေက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို ဦးတည်တဲ့ အလုပ်အကိုင်ပေါင်း သန်းနဲ့ချီ ဖန်တီးနိုင်ခွင့် ရစေဖို့ ရှိနေလို့ ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly