ပြည်ပရှိ တရုတ်ရဲ့ ကျောက်မီးသွေးစက်ရုံတွေက ကမ္ဘာ့ရာသီဥတုပန်းတိုင်အတွက် ခြိမ်းခြောက်မှု ဖြစ်နေ 

ပြည်ပရှိ တရုတ်ရဲ့ ကျောက်မီးသွေးစက်ရုံတွေက ကမ္ဘာ့ရာသီဥတုပန်းတိုင်အတွက် ခြိမ်းခြောက်မှု ဖြစ်နေ 
Photo - AFP

ဒီဇင်ဘာ ၁၂ ၊ ၂၀၂၀

ဇမ်ဘာဘွေနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံထိ ပြည်ပနိုင်ငံတွေမှာ တရုတ်ရဲ့ ရန်ပုံငွေမတည်မှုနဲ့ တည်ဆောက်တဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဒါဇင်များစွာဟာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုမှာ အဓိက ဖွံ့ဖြိုးပြီးနိုင်ငံတွေထက်တောင် ပိုပြီး များလာတော့မယ့် အလားအလာရှိနေပါတယ်။ 

ဒီအနေအထားဟာဆိုရင် ရာသီဥတုပြောင်းလဲမှုအရေးကို တိုက်ပွဲဝင်နေရတဲ့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုအတွက် ခြိမ်းခြောက်မှုဖြစ်လို့နေတယ်လို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက သတိပေးပြောဆိုပါတယ်။ 

၂၀၁၅ မှာ လက်မှတ်ထိုး သဘောတူခဲ့တဲ့ ပါရီ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီမှုအရတော့ တရုတ်နိုင်ငံဟာ ကာဗွန်ထုတ်လွှတ်မှု သုညမှတ်ဖြစ်အောင် ကတိခံရင်း ဦးဆောင်နိုင်ငံအဖြစ် ရယူထားပါတယ်။ ၂၀၆၀ မှာ တရုတ်နိုင်ငံဟာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ကင်းစင်ရမယ်ဆိုပြီး သမ္မတ ရှီကျင့်ဖျင်က ကတိကဝတ်ပြုထားတာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် တရုတ်ရဲ့ နိုင်ငံပိုင်ကုမ္ပဏီတွေဟာ ပြည်တွင်း ကာဗွန်ထုတ်လွှတ်မှုကို တွက်ချက်တာက လွတ်ကင်းတဲ့ ပြည်ပမှာ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေးမှာ ရင်းနှီးမြုပ်နှံလျက် ရှိနေပါတယ်။ ဒီအတွက် ပါရီသဘောတူညီမှုရဲ့ ပန်းတိုင်ဖြစ်တဲ့ ကမ္ဘာကြီးပူနွေးမှုကို ၂ ဒီဂရီဆဲလ်စီးရပ်စ်မှာ ထိန်းထားနိုင်ရေးအတွက် ခြိမ်းခြောက်မှုဖြစ်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ပြောပါတယ်။ 

“အဲဒီ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံသစ်တွေဟာ ၂၀၃၀ ထက်ကျော်လွန်ပြီး နှစ်တွေအတော်ကြာ လည်ပတ်လိမ့်မှာ ဖြစ်တယ်။ ဒါဟာ ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရေး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းနေချက်နဲ့ အခြေခံကကို ဖီလာဆန့်ကျင်နေတော့တာဖြစ်တယ်။”ဟု ကမ္ဘာ့စွမ်းအင်စောင့်ကြည့်ရေးအဖွဲ့က ကျောက်မီးသွေးသုတေသနပညာရှင်အကြီးအကဲ ခရစ္စတင်းရှီအာရာက ပြောပါတယ်။ 

တည်ဆောက်ဆဲ ကာဗွန်ထုတ်လွှတ်တဲ့ ဓာတ်အားပေးစက်ရုံသစ်တွေကနေ လျှပ်စစ်ဓာတ်အား ၁၉ ဂီဂါဝပ် ထုတ်လွှတ်ပေးမှာ ဖြစ်ပြီး နှစ်စဉ် ကာဗွန်ပမာဏတန်ချိန် ၁၁၅ သန်း ထုတ်လွှတ်လိမ့်မှာ ဖြစ်တယ်လို့ ဘော့စတွန်တက္ကသိုလ် ကမ္ဘာ့ဖွံ့ဖြိုးမှုမူဝါဒဆိုင်ရာဌာနရဲ့ အချက်အလက်တွေက ပြသထားပါတယ်။ 

တရုတ်နိုင်ငံဟာ ပြည်ပကနေ လျှပ်စစ်ဓာတ်အား သွယ်တန်းထားတာဟာ သုံးဆနီးပါး ရှိတာကြောင့် ဗြိတိန်၊ တူရကီနဲ့ အီတလီတို့လို့ အဓိကစီးပွားရေးနိုင်ငံတွေက လက်ရှိ ကာဗွန်ထုတ်လွှတ်မှုထက် ပိုပြီးများပြားလာလိမ့်မယ်လို့ British Petroleum ရဲ့ ကမ္ဘာ့စွမ်းအင်ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ ဖော်ပြထားပါတယ်။ 

ဒါဇင်များစွာ ရှိနေတဲ့ အဲဒီ ကျောက်မီးသွေးစက်ရုံတိုင်းဟာလည်း စက်ရုံလည်ပတ်သက်တမ်းဟာ ဆယ်စုနှစ်များစွာ ကြာမြင့်လိမ့်မှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly