FDA ခွင့်ပြုချက်ရပြီဖြစ်တဲ့ Pfizer-BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေးကို ၂၄ နာရီအတွင်း ထိုးနှံပေးမယ်လို့ ထရမ့်ပြော 

FDA ခွင့်ပြုချက်ရပြီဖြစ်တဲ့ Pfizer-BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေးကို ၂၄ နာရီအတွင်း ထိုးနှံပေးမယ်လို့ ထရမ့်ပြော 

ဒီဇင်ဘာ ၁၂ 

အမေရိကန်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန (FDA) က Pfizer-BioNTech ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအရေးပေါ်အသုံးပြုခွင့်ကို သောကြာနေ့နှောင်းပိုင်းက အတည်ပြုပေးလိုက်ပြီဖြစ်ကာ သမ္မတဒေါ်နယ်ထရမ့်ကလည်း ၂၄ နာရီအတွင်း ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်တယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။ 

FDA ရဲ့ သိပ္ပံပညာရှင်အကြီးအကဲ Denise Hinton က “ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဖို့အတွက် Pfizer-BioNTech ကထုတ်တဲ့ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့် ပေးတော့မယ်လို့” လို့ Pfizer ရဲ့ အမှုဆောင်အရာရှိချုပ်ဆီ စာရေးသား ပေးပို့ခဲ့တာဖြစ်ပါတယ်။ 

FDA က ကာကွယ်ဆေးအရေးပေါ်အသုံးပြုခွင့်ပြီးတဲ့နောက်မှာပဲ သမ္မတဒေါ်နယ်ထရမ့်က Pfizer-BioNTech ရဲ့ ကာကွယ်ဆေးကို ၂၄ နာရီအတွင်း အသုံးပြုသွားမှာဖြစ်တယ်လို့ တွစ်တာမှာတင်ထားတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။  

ပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီတွေဖြစ်တဲ့ FedEx  နဲ့ UPS တို့ကနေတစ်ဆင့် နိုင်ငံတွင်းက စာတိုက်တွေနဲ့ ပြည်နယ်တိုင်းဆီ ကာကွယ်ဆေးတွေ စတင်ပို့ဆောင်နေပြီဖြစ်ပြီး ဦးစားပေးထိုးပေးရမယ့်သူတွေကို ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ဆုံးဖြတ်ပေးမှာဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။ 

သက်ကြီးရွယ်အိုနိုင်ငံသားတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ထမ်းတွေ၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ဆောင်နေသူတွေကို ဦးစားပေးလိုပြီး ကာကွယ်ဆေးကြောင့် သေဆုံးမှုနဲ့ ဆေးရုံတက်ရောက်ကုသမှုတွေ မြန်မြန်ဆန်ဆန်နဲ့သိသိသာသာ လျော့နည်းသွားမှာဖြစ်ကြောင်း ထရမ့်က ထပ်လောင်းပြောခဲ့ပါတယ်။  

ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ပူးတွဲလုပ်ဆောင်သူ ဇီဝနည်းပညာကုမ္ပဏီ BioNTech အတွက်အောင်မြင်မှုသာမကဘဲ mRNA နည်းပညာကိုအခြေခံတဲ့ ကာကွယ်ဆေးအတွက်ပါ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။  

ဗြိတိန်၊ ဘာရိန်း၊ ကနေဒါ၊ ဆော်ဒီအာရေဗျနဲ့ မက္ကဆီကိုနိုင်ငံတို့ပြီးရင် အမေရိကန်ဟာ ဆေးနှစ်ကြိမ်ထိုးရတဲ့ Pfizer ထုတ်ကာကွယ်ဆေးကို အသုံးပြုတဲ့ ခြောက်နိုင်ငံမြောက် ဖြစ်ပါတယ်။  

ကာကွယ်ဆေးဖြန့်ချိမှုကို အစိုးနဲ့ပုဂ္ဂလိက ပူးတွဲလုပ်ဆောင်တဲ့ Operation Warp Speed အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ကြီးကြပ်မှာဖြစ်ပေမယ့် ကာကွယ်ဆေးကို အအေးခန်းအခြေအနေ အနုတ် ၇၀ ဒီဂရီဆဲလ်စီယပ်စ် (အနုတ် ၉၄ ဒီဂရီဖာရင်ဟိုက်) သိုလှေင်ဖို့အတွက် အထူးသေတ္တာတွေအသုံးပြုကြတဲ့ FedEx လိုမျိုး ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတွေနဲ့လည်း လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပါတယ်။  

အမေရိကန်ဟာ ဒီလအတွင်းမှာ လူဦးရေ သန်း ၂၀ ကို ကာကွယ်ဆေးထိုးပေးဖို့ မျှော်မှန်းထားပြီး Moderna နဲ့ အမျိုးသားကျန်းမာရေးဌာနက ထုတ်တဲ့ ဒုတိယကိုဗစ်ကာကွယ်ဆေးကိုလည်း နောက်တစ်ပတ်မှာအသုံးပြုနိုင်ဖို့ မျှော်လင့်ချက်ကြီးစွာထားလျက်ရှိပါတယ်။  
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required