ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အများစုတွင် အအေးပိုလာနိုင်ဟုဆို  

ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အများစုတွင် အအေးပိုလာနိုင်ဟုဆို  
Photo credit - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဒီဇင်ဘာ ၁၁ ရက်  

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မြူထူများဆိုင်းပြီး အအေးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောသည်။  

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်၊ ချင်း၊ ရှမ်း၊ ကယားနှင့် မွန်ပြည်နယ်များတွင် ခုနစ်ရက်မှ ကိုးရက်ခန့်အထိ မြူဆိုင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ 

ထို့ပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် သုံးရက်မှ ငါးရက်ခန့်အထိ နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   

“အအေးလည်းနည်းနည်းပိုလာမယ်။ ဘာလို့ဆို လေထဲမှာ moisture(အစိုဓာတ်) လေး နည်းနည်းရှိနေခြင်းက မြူကျတာပေါ့နော်။ မြူကျတယ် အအေးလည်းနည်းနည်းပိုလာမယ့်အနေအထားမျိုးမှာ ရှိတာပေါ့။ ပြီးခဲ့တဲ့နှစ်တွေကထက်စာရင်တော့ ဒီနှစ်က အနည်းငယ် ပိုအေးတဲ့အနေအထားမျိုးလေးတော့ ရှိပါတယ်” ဟု ဒေါက်တာကျော်မိုးဦးက ပြောသည်။  

ယခုနှစ် ဆောင်းရာသီတွင် လာနီညာဖြစ်နိုင်ခြေ အားကောင်းသည့်အတွက် လာနီညာ နှစ်ဖြစ်နိုင်ကြောင်း မိုးလေဝသပညာရှင်များမှ ခန့်မှန်းထားကြသည်။  

လာနီညာ၏ သဘောသဘာဝသည် အေးပြီး စိုစွတ်ကာ ယခင်လာနီညာဖြစ်သည့်နှစ်များတွင် သိသိသာသာအအေးပိုသော်လည်း ၂၀၀၀ ခုနှစ်နောက်ပိုင်းမှစတင်ကာ ကမ္ဘာကြီးပူ‌နွေးလာသည့်အတွက် နှစ်စဉ် အပူချိန်များတိုးလာကြောင်း ဒေါက်တာကျော်မိုးဦးက ပြောသည်။  

“ဒီ ၂၀၂၀ ဟာ လာနီညာနှစ်ဖြစ်ပေမယ့်လည်း အပူချိန်ကတော့ ပိုပြီးတော့ပူတဲ့အနေအထားရှိတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ လာနီညာရဲ့သက်ရောက်မှုကို အနည်းငယ်ခံစားရတဲ့အနေအထားရှိတဲ့ အတွက်ကြောင့် နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလောက်မှာတော့ ပုံမှန်အပူချိန်လောက်ရှိတယ်။” ဟု အဆိုပါ ပုဂ္ဂိုလ်ကဆိုသည်။  

နံနက်ခင်းပိုင်းတွင် မြူများကျလာနိုင်သည့် အနေအထားရှိသဖြင့် ယာဉ်မတော်တဆဖြစ်မှုများအား သတိပြုရန်လိုအပ်ပြီး မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းစွန်းများတွင် မိုးအနည်းငယ်ရွာနိုင်သည့်အတွက် ထိုဒေသများရှိ စိုက်ပျိုးသီးနှံများအား ရေမထိအောင် ဂရုစိုက်ရန်လိုကြောင်း ဒေါက်တာကျော်မိုးဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required