အိန္ဒိယကို အာရုံထားရင်း တရုတ်နှင့် ပါကစ္စတန် လေတပ် ပူးတွဲစစ်ရေး လေ့ကျင့်  

အိန္ဒိယကို အာရုံထားရင်း တရုတ်နှင့် ပါကစ္စတန် လေတပ် ပူးတွဲစစ်ရေး လေ့ကျင့်  

ဒီဇင်ဘာ ၁၁ ၊ ၂၀၂၀

အိန္ဒိယ နယ်စပ်အနီး ပါကစ္စတန် တောင်ပိုင်းကန္တာရတွင် တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့သည် ပူးတွဲ စစ်ရေးလေ့ကျင့်လျက် ရှိနေသည်။  

တင်းမာသည့် ဆက်ဆံရေး ကာလရှည် ရှိထားသည့် နိုင်ငံတစ်နိုင်ငံအတွက် သိမ်မွေ့ခြင်း မရှိသော သတင်းစကားပါးလိုက်သလိုဖြစ်စေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုပဲ ဖြစ်တော့သည်။ 

တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Wei Fenghe က ပါကစ္စတန်သို့ လာရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံ နက်ရှိုင်းသည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး သီတင်းပတ်အကြာတွင် ပေါ်ပေါက်လာခဲ့သော စစ်ရေးလေ့ကျင့်မှုပဲ ဖြစ်သည်။  

Shaheen သို့ Falcom IX ဟု အမည်ပေးထားသော ယခု စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယနယ်စပ်မှ ကီလိုမီတာ ၂၀၀ ကျော်ပင် မကွာဝေးသော ပါကစ္စတန်၊ ဆင်းချ်ပြည်နယ် လွင်တီးခေါင်အရပ်ရှိ Bholari လေတပ်အခြေစိုက်စခန်းတွင် ပြုလုပ်ခြင်း ဖြစ်သည်။  

ဒီဇင်ဘာ နှောင်းပိုင်းအထိ ပြုလုပ်မည်ဖြစ်သော ယခု စစ်ရေးလေ့ကျင့်မှု၌ စစ်လေယာဉ်များ တစ်စီတစ်တန်း ပါဝင် လေ့ကျင့်နေသည့် ဗီဒီယိုကို ပါကစ္စတန်လေတပ်က ထုတ်လွှင့်ခဲ့သည်။ တရုတ်က ၎င်း၏ စတုတ္ထမျိုးဆက် Shenyang J-11 တိုက်လေယာဉ်နှင့် Chengdu J-10 ဘက်စုံသုံးဂျက်လေယာဉ်များကို စေလွှတ်ခဲ့သည်။  

တစ်ချိန်တည်းမှာပင် ပါကစ္စတန်ကလည်း အဆင့်မြှင့်ထားသည့် တရုတ်ထုတ် Chendu F-7 ကြားဖြတ်တိုက်လေယာဉ်၊ ပြင်သစ်ထုတ် Sassault Mirage 5 တိုက်လေယာဉ်နှင့် တရုတ်နှင့် ပါကစ္စတန် ပူးပေါင်းထုတ်လုပ်သည့် ဘက်စုံသုံး JF-17 Thunder လေယာဉ်များဖြင့် ပါဝင်ခဲ့သည်။ ယခု စစ်ရေးလေ့ကျင့်မှု၌ F-16 ကဲ့သို့ အမေရိကန်ထုတ် စစ်လက်နက်ပစ္စည်းများ ပါဝင်ခြင်း မရှိကြောင်း ပါကစ္စတန်က ပြောသည်။  

ယခု စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံ လေတပ်အကြား နက်ရှိုင်းသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။  

အမေရိကန်၊ ပြင်သစ်နှင့် တရုတ်ထုတ် စစ်လက်နက်ပစ္စည်းများ ပေါင်းစည်းစုဖွဲ့ထားသည့် ပါကစ္စတန်လေတပ်သည် တရုတ်အပေါ် ပို၍ အားကိုးအားထားပြုမှု တိုးများလာလျက် ရှိနေသည်။ ပါကစ္စတန်၏ စီးပွားရေးနှင့် နိုင်ငံရေးတို့သည် တရုတ်နှင့် နီးစပ်လျက် ရှိပြီး ရန်ဖက် အိန္ဒိယနှင့် တအုံနွေးနွေး ရှိနေသော ဆယ်စုနှစ်များစွာ ကြာမြင့်နေသည့် တင်းမာမှုက ပါကစ္စတန်အား ၎င်း၏ အိမ်နီးချင်းနိုင်ငံကြီးဖြစ်ပြီး အင်အားတောင့်တင်းသော မဟာမိတ်နိုင်ငံအဖြစ် တရုတ်နှင့် နီးစပ်သော နည်းဗျူဟာ ကျကျ ပူးပေါင်းဆောင်ရွက်မှုဆီသို့ တွန်းပို့ပေးလျက် ရှိနေသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly