ရုရှ လေရန်ကာစနစ် ဝယ်ယူ၍ တူရကီကို အမေရိကန်က ဆန်ရှင်ချရန် ရှိ 

ရုရှ လေရန်ကာစနစ် ဝယ်ယူ၍ တူရကီကို အမေရိကန်က ဆန်ရှင်ချရန် ရှိ 

ဒီဇင်ဘာ ၁၁ ၊ ၂၀၂၀

ရုရှ S-400 လေကြောင်းရန်ကာစနစ်အား ပြီးခဲ့သည့်နှစ်က ဝယ်ယူခြင်းအတွက် တူရကီနိုင်ငံကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင် ချမှတ်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူ သုံးဦးအပါအဝင် သတင်းရင်းမြစ် ငါးခုက ရိုက်တာသို့ ပြောသည်။ 

ထိုသို့ ချမှတ်လာခဲ့လျှင် နေတိုးမဟာမိတ်နှစ်နိုင်ငံကြား ရှိရင်းစွဲ ပြဿနာပွေနေသည့် ဆက်ဆံရေးမှာ ပို၍ ဆိုးဝါးလာလိမ့်ဖွယ်လည်း ရှိနေသည်။ 

တူရကီအတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်လာပြီး ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်၏ လာမည့် အစိုးရလက်ထက်၌ တူရကီနှင့် ဆက်ဆံရေးကိုပါ ဖိစီးမှု ဖြစ်စေမည့် ဖြစ်လာလိမ့်နိုး ရှိနေခဲ့သော အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုကို လာမည့် သောကြာနေ့ အစောဆုံး ကြေညာဖြစ်လိမ့်မည်ဟု သတင်းရင်းမြစ်များက ပြောသည်။ 

တူရကီ ကာကွယ်ရေးစက်မှုလုပ်ငန်းဆိုင်ရာ သမ္မတရုံး အတွင်းဝန်နှင့် အကြီးအကဲဖြစ်သူ Ismail Demir ကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့လိမ့်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ထို ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ထိခိုက်မှုများ ရှိလာမည်ဖြစ်သော်လည်း အချို့သော အကဲဖြတ်များ ကြိုတင်ခန့်မှန်းထားသလောက် ပြင်းထန်လိမ့်မည် မဟုတ်ပေ။ 

ထို ဒဏ်ခတ်ပိတ်ဆို့မှုများအတွက် သမ္မတ ဒေါ်နယ်ထရမ့်က လက်ထောက်များကို ချီးကျူးဂုဏ်ပြုခဲ့သည်ဟု အမည်ဖော်ပြပိုင်ခွင့် မရှိသော် အမေရိကန်တာဝန်ရှိသူတစ်ဦးအပါအဝင် ယင်းအရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်နှစ်ရပ်က ဆိုသည်။ 

အဆိုပါ သတင်းထွက်ပေါ်လာပြီးနောက် တူရကီ လီရာငွေကြေးသည် ၁ ဒသမ ၄ ရာခိုင်နှုန်းအထိ တန်ဖိုးကျဆင်းသွားသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ရသော စီးပွားရေးနှေးကွေးမှု၊ ငွေကြေးဖောင်းပွနှုန်း နှစ်ဆတိုးမြင့်ခြင်းနှင့် နိုင်ငံခြားအရန်ငွေ ဆိုးဝါးစွာ နည်းပါးလာနေခြင်းတွင် ရုန်းကန်နေရသည့် တူရကီစီးပွားရေးကို အမေရိကန်၏ ယခု ဒဏ်ခတ်ပိတ်ဆို့မှုက ထပ်ဆင့်တိုး ဒုက္ခဖြစ်စေနိုင်သည်။ 

တူရကီအကြီးတန်း တာဝန်ရှိသူတစ်ဦးကမူ ဒဏ်ခတ်ပိတ်ဆို့မှုများသည် ထင်သလို ဖြစ်လာလိမ့်မည် မဟုတ်ဘဲ နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံကြားက ဆက်ဆံရေးကို ထိခိုက်သွားစေလိမ့်မည်သာ ဖြစ်သည်ဟု ပြောသည်။ 

“ဒဏ်ခတ်ပိတ်ဆို့မှုကြောင့်တော့ ရလဒ် မည်မည်ရရ ရှိလာမှ မဟုတ်ဘူး၊ ဒါပေမယ့် တန်ပြန်အကျိုးဆက်တွေတော့ ဖြစ်လာလိမ့်မယ်။ ဆက်ဆံရေး ထိခိုက်သွားရလိမ့်မယ်။”ဟု ယင်း တာဝန်ရှိသူက ပြောသည်။ တူရကီအနေနဲ့တော့ ဒီ ပြဿနာကို သံတမန်ရေးနဲ့ စေ့စပ်ညှိနှိုင်းမှုကနေ ဖြေရှင်းတာကို လိုလားတယ်။ တစ်ဖက်သတ် ချမှတ်ပြဋ္ဌာန်းတာမျိုးကိုတော့ ကျွန်တော်တို့ လက်မခံဘူး။”ဟု ၎င်းက ပြောသည်။ 

ဒဏ်ခတ်ပိတ်ဆို့ရန် ယခု ဆုံးဖြတ်ချက်သည် တူရကီကို ကျော်လွန်၍ ဂယက်ရိုက်လိမ့်မည် ဖြစ်ကာ ကမ္ဘာတစ်လွှားက အမေရိကန်၏ မိတ်ဖက်များသို့ ရုရှစစ်လက်နက်များ ဝယ်ယူခြင်းအပေါ် စဉ်းစားစရာ ဖြစ်စေပြီး အမေရိကန်၏ ဆန်ရှင်ကို ထပ်လောင်းသတိပေးလိုက်သည့် သတင်းစကားတစ်ရပ်လည်း ဖြစ်တော့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly