ရန်ကုန်ပြန် အသက် ၂ နှစ်ခွဲအရွယ် ကလေးနှင့် မိသားစုဝင်များတွင် ကိုဗစ်ပိုး တွေ့

ရန်ကုန်ပြန် အသက် ၂ နှစ်ခွဲအရွယ် ကလေးနှင့် မိသားစုဝင်များတွင် ကိုဗစ်ပိုး တွေ့
လွိုင်ကော်မြို့ပြည်နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံဆင်းသည့် လူနာတစ်ဦးကို နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - စောသန်းထိုက်ဦး)

ဒီဇင်ဘာ ၁၁၊ ၂၀၂၀

ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ ရန်ကုန်မြို့မှ ပြန်လာသော အသက် နှစ်နှစ်ခွဲအရွယ် ယောကျ်ားလေးတစ်ဦး အပါဝင် မိသားစုဝင် လေးဦးတို့တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က ပြောသည်။

“ကလေးပါတဲ့ဟာက လွိုင်ကော်က မိသားစုပဲ။ ရန်ကုန်၊ တောင်ဒဂုံမှာ ၈ လပိုင်းကတည်းက သွားနေတာ။ ကလေး နှစ်နှစ်ကျော်၊ ယောကျ်ားလေး။ အဘိုး တစ်ယောက်၊ အဘွား တစ်ယောက်၊ စုစုပေါင်း လေးယောက်ပေါ့” ဟု ပြောသည်။

အသက် ၇၃ နှစ်နှင့် အသက် ၇၂ နှစ်အရွယ် အဘိုး၊ အဘွား နှစ်ဦး၊ အသက် နှစ်နှစ်ခွဲအရွယ် ကလေးငယ်နှင့် အသက် ၄၂ နှစ်အရွယ် မိခင်တို့ ဖြစ်ကြပြီး လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ပို့တွေ့ထားသူ မိသားစုဝင်များ ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ပြန်လာရာ ရှမ်းနှင့် ကယားပြည်နယ် နယ်စပ်မှတစ်ဆင့် ရွှေလွိုင်ကော် ပရဟိတကားဖြင့် ပညာရေးကောလိပ် ကွာရန်တင်း စင်တာသို့ ပို့ဆောင်ထားပြီး ယမန်နေ့က COVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ပိုးတွေ့ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လွိုင်ကော်မြို့ ကုန်တင်ယာဉ်ရပ်နား စခန်းရှိ ယာဉ်မောင်း တစ်ဦးနှင့် လွိုင်ကော် တက္ကသိုလ် ကွာရန်တင်း စင်တာတွင် မန္တလေးမြို့မှ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရောက်ရှိလာသူ တစ်ဦးတို့တွင်လည်း ရောဂါပိုး တွေ့ရှိထားကြောင်း သိရသည်။ 

ပိုးတွေ့လူနာများ၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပြီး လွိုင်ကော် ပြည်သူ့ဆေးရုံကြီး သီးသန့်ကုသဆောင်တွင် ထားရှိကာ စောင့်ကြပ်ကြည့်ရှု ကုသပေးနေကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီအထိ ကယားပြည်နယ်တွင် ပိုးတွေ့လူနာ စုစုပေါင်း ၅၃ ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၂၂ ဦး ရှိကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly