ဝီဂါလူမျိုးတွေအပေါ် ပြုမူဆက်ဆံတာကို စိုးရိမ်ပူပန်တာတွေကြောင့် ဟွာဝေးနဲ့ စပွန်ဆာစာချုပ်ကို ဖျက်သိမ်းလိုက်တဲ့ ဂရီးဇ်မန်း

ဝီဂါလူမျိုးတွေအပေါ် ပြုမူဆက်ဆံတာကို စိုးရိမ်ပူပန်တာတွေကြောင့် ဟွာဝေးနဲ့ စပွန်ဆာစာချုပ်ကို ဖျက်သိမ်းလိုက်တဲ့ ဂရီးဇ်မန်း
Photo: EPA

ဟွာဝေးဟာ ဝီဂါမွတ်စလင်တွေကို စောင့်ကြည့်ရာမှာ ပါဝင်တယ်လို့ ပြောဆိုမှုတွေရှိခဲ့ပြီးနောက် ပြင်သစ်ဘောလုံးကြယ်ပွင့် ဂရီးဇ်မန်းက သူဟာ တရုတ်ဆက်သွယ်ရေးကုမ္ပဏီနဲ့ စပွန်ဆာစာချုပ်ကို ဖျက်သိမ်းလိုက်ပြီလို့ ပြောပါတယ်။ 

မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဟွာဝေးဟာ ဝီဂါတွေကို ရဲတွေက ရှာဖွေတွေ့ရှိဖို့ အထောက်အကူပြုတဲ့ Facial Recognition ဆော့ဖ်ဝဲလ်ကို စမ်းသ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ 

ဟွာဝေးကတော့ အဲဒီစွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပြီး ဂရီးဇ်မန်းရဲ့ ဆုံးဖြတ်ချက်ကြောင့် ဝမ်းနည်းမိကြောင်း BBC ကို ပြောဆိုခဲ့ပါတယ်။ 

တရုတ်နိုင်ငံဟာ လူနည်းစုအပေါ် ဆက်ဆံမှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။ 

တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်ရှိ ဝီဂါလူမျိုး တစ်သန်းကို "ပြန်လည် ပညာရေးပေးရေးဆိုင်ရာ စခန်းတွေ"အဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာ ထိန်းသိမ်းထားတယ်လို့ ယုံကြည်ရပါတယ်။ ဘေဂျင်းအနေနဲ့ မတရားပြုမူဆက်ဆံတာကို အခါတိုင်း ငြင်းဆိုခဲ့ပြီး အဲဒီစခန်းတွေဟာ အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်စေဖို့ စီစဉ်ပြုလုပ်ထားတာလို့ ပြောပါတယ်။ 

အသက် ၂၉ နှစ်အရွယ် ဂရီးဇ်မန်းဟာ ဟွာဝေးကုမ္ပဏီရဲ့ Brand Ambassador တစ်ဦးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ပြင်သစ်နိုင်ငံအတွင်း ကုမ္ပဏီရဲ့ စျေးကွက်မြှင့်တင်မှု အစီအစဉ်တွေမှာ အဓိကဦးဆောင်ခဲ့ရသူဖြစ်ပါတယ်။ 

"ဟွာဝေးဟာ Facial Recognition ဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး 'Uighurs alert' ကို တိုးတက်စေဖို့ ကူညီထောက်ပံ့မှုပြုခဲ့တယ်လို့ သံသယဝင်လာပြီးနောက် ဒီကုမ္ပဏီနဲ့ ကျနော့်ရဲ့ လက်တွဲမှုကို ချက်ချင်းရပ်တန့်ပစ်လိုက်တာပါ။"လို့ သူက အင်စတာဂရမ်မှာ ပြောပါတယ်။ 

အမေရိကန်အခြေစိုက် စောင့်ကြည့်လေ့လာရေးသုတေသနကုမ္ပဏီ IPVM က ဟွာဝေးဟာ အာဏာပိုင်တွေက တရုတ်နိုင်ငံမှာ ဝီဂါတွေကို ထုတ်ဖော်ဖို့ အသုံးပြုနိုင်တဲ့ Facial Recognition ဆော့ဖ်ဝဲလ်ကို စမ်းသပ်ရာမှာ ပါဝင်ပတ်သက်ခဲ့ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly