စပိန်မှာ ရွှေ့ပြောင်းအလုပ်သမားတွေနေတဲ့အဆောက်အအုံ မီးလောင်၊ ၂ ဦးသေဆုံး ၁၇ ဦး ဒဏ်ရာရ

စပိန်မှာ ရွှေ့ပြောင်းအလုပ်သမားတွေနေတဲ့အဆောက်အအုံ မီးလောင်၊ ၂ ဦးသေဆုံး ၁၇ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၁၀  

စပိန်နိုင်ငံ ဘာစီလိုနာမြို့အစွန်က ရွှေ့ပြောင်းအလုပ်သမားတွေနေတဲ့ စွန့်ပစ်ကုန်လှောင်ရုံတစ်လုံးမှာ ဗုဒ္ဓဟူးနေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ နှစ်ဦးထက်မနည်းသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။ 

ဘာစီလိုနာအရှေ့မြောက်ပိုင်း ဘာဒါလိုနာမြူနီစီပယ်ဧရိယာရဲ့ ကာတလန်မြို့က စက်မှုကုန်လှောင်ရုံဟောင်းတစ်လုံးမှာ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၉ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ 

အဲဒီအဆောက်အအုံမှာ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ နဲ့ ၂၀၀ ကြား နေကြတာဖြစ်ပါတယ်၊ 

လူအများအပြားဟာ မီးလောင်နေတဲ့အဆောက်အအုံမျက်နှာစာကနေ တွဲလောင်းခိုပြီး ထွက်ပြေးလွတ်မြောက်အောင်ကြိုးစားနေပုံတွေကို ဒေသတွင်းရုပ်သံနဲ့ လူမှုမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။  

မီးသတ်သမားတွေဟာ ည ၁၂ နာရီအထိ မီးကို မထိန်းချုပ်နိုင်ခဲ့ကြဘဲ အဆောက်အအုံထဲ ဝင်မရ ဖြစ်နေခဲ့ကြတာပါ။  

သေဆုံးသူ နှစ်ဦးရဲ့ရုပ်အလောင်းကို တွေ့ရှိထားပြီး အဆောက်အအုံဟာလည်း ပြိုကျနိုင်ဖွယ်ရှိတယ်လို့ မီးသတ်သမားတွေကပြောပါတယ်။  

မီးဘေးကနေလွတ်အောင် အဆောက်အအုံပေါ်ကနေ ခုန်ချခဲ့ကြလို့  ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်တယ်လို့ ကာတလန်ကျန်းမာရေးအာဏာပိုင်တစ်ဦးဖြစ်တဲ့ အယ်လ်ဘာ ဗာဂက်စ် ကပြောပါတယ်။  

လူအများအပြား နောက်ဖေးပြတင်းပေါက်တွေကနေ ခုန်ချခဲ့ကြပြီး လူ ၆၀ လောက်ကို ကယ်တင်ထားပြီးပြီဖြစ်တယ်လို့ မြို့တော်ဝန် ဇာဗီယာ ဂါစီလာ ကပြောပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly