ကိုရိုနာဗိုင်းရပ်စ်သတိပေးချက်တွေအကြား  အင်ဒိုနီးရှားမှာ နိုင်ငံတစ်ဝန်း ဒေသန္တရရွေးကောက်ပွဲကျင်းပ 

ကိုရိုနာဗိုင်းရပ်စ်သတိပေးချက်တွေအကြား  အင်ဒိုနီးရှားမှာ နိုင်ငံတစ်ဝန်း ဒေသန္တရရွေးကောက်ပွဲကျင်းပ 
Photo: AFP

ဒီဇင်ဘာ ၁၀  
 
အင်ဒိုနီးရှားနိုင်ငံမှာ ရွေးကောက်ပွဲကြောင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုတွေ ပိုမိုဆိုးရွားလာနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ရှိနေပေမယ့်  ဒီဇင်ဘာ ၉ ရက်က နိုင်ငံတစ်ဝန်း ဒေသန္တရအဆင့်ရွေးကောက်ပွဲတွေကျင်းပခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူ သန်း ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။   

ကမ္ဘာပေါ်မှာ တတိယမြောက် ဒီမိုကရေစီအထွန်းကားဆုံးနဲ့ စတုတ္ထမြောက် လူဦးရေအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားဟာ လူဦးရေ ၂၇၀ သန်း နီးပါးရှိပြီး  ဗိုင်းရပ်စ်ကူးစက်မှုနှုန်းတွေ ထိန်းချုပ်နေရတာကြောင့် စက်တင်ဘာမှာကျင်းပဖို့ ရည်ရွယ်ထားတဲ့ရွေးကောက်ပွဲကို ခုမှ ကျင်းပခွင့်ရတာဖြစ်ပါတယ်။  

သမ္မတဂျိုကိုဝီဒိုဒိုရဲ့ အကြီးဆုံးသားအပါအဝင် ကိုယ်စားလှယ်လောင်း ရာပေါင်းများစွာဟာ ဒေသန္တရအုပ်ချုပ်ရေးမှူး၊ ခရိုင်အကြီးအကဲနဲ့ မြို့တော်ဝန် စတဲ့ ရာထူးတွေအပါအဝင် နေရာပေါင်း ၂၇၀ အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ 

တရားဝင်ရလဒ်တွေကိုတော့ သီတင်းပတ်ပေါင်းများစွာအထိ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

ကမ္ဘာ့မွတ်စလင်ဦးရေ အများစုနေထိုင်ပြီး ဘာသာရေးရှေးရိုးစွဲဝါဒရှိတဲ့ အင်ဒိုနီးရှားမှာ အစ္စလာမ္မာစ်ပါတီတွေက အသာစီးရမယ်လို့ မျှော်လို့ရပါတယ်။

ဂျကာတာမြို့တော်ရှိရာ ဂျာဗားကျွန်းကစလို့ အားလပ်ရက်အပန်းဖြေကျွန်း ဘာလီအထိ ရွေးကောက်ပွဲတွေကျင်းပခဲ့ပြီး နှာခေါင်းစည်း၊ လက်အိတ်၊ မျက်နှာကာတွေ တပ်ဆင်ထားတဲ့  မဲရုံဝန်ထမ်းတွေက မဲဆန္ဒရှင်တွေကို လူမှုအကွာအဝေးကန့်သတ်ချက်နဲ့နေခိုင်းပြီး အပူချိန်စစ်ဆေးတာတွေ လုပ်ပေးကြပါတယ်။ 

မဲဆန္ဒရှင်အမျိုးသမီးတစ်ဦးက “ကျွန်မ ကိုဗစ်-၁၉ ရောဂါကို မကြောက်ပါဘူး။ ကျွန်မတို့တွေမှာ ကိုယ်ပိုင်ရွေးချယ်ခွင့်တွေရှိပါတယ်။ ကျွန်မရဲ့ ဆန္ဒမဲတစ်ပြား အလဟဿမဖြစ်အောင်လို့ မဲလာပေးတာပါ” လို့ဆိုပါတယ်။  

ရွေးကောက်ပွဲရက်မတိုင်ခင်အထိ ရွေးကောက်ပွဲအဖွဲ့အစည်းဆိုင်ရာဝန်ထမ်းပေါင်း ၁ ၀၀၀ ထက်မနည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီး အနည်းဆုံး ကိုယ်စားလှယ်လောင်း လေးဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။  

အင်ဒိုနီးရှားမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူပေါင်း ၅၈၀ ၀၀၀ ကျော်ရှိပြီး ၁၈ ၀၀၀ ထက်မနည်း သေဆုံးထားပါတယ်။  

ရွေးကောက်ပွဲအပြီးမှာတော့ ရောဂါကူးစက်ခံရသူဦးရေဟာ တစ်သန်းကျော်အထိ မြင့်တက်လာနိုင်တယ်လို့ အင်ဒိုနီးရှားပြည်သူ့ကျန်းမာရေးအဖွဲ့က ကျွမ်းကျင်သူ ဟာမာဝမ်ဆာပူထရာက သတိပေးခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly