ကိုဗစ်စည်းမျဉ်းကန့်သတ်ချက်တွေကြောင့် ဖိလစ်ပိုင်မှာ ငတ်မွတ်ခေါင်းပါးသူဦးရေ စံချိန်တင်မြင့်တက်

ကိုဗစ်စည်းမျဉ်းကန့်သတ်ချက်တွေကြောင့် ဖိလစ်ပိုင်မှာ ငတ်မွတ်ခေါင်းပါးသူဦးရေ စံချိန်တင်မြင့်တက်
Photo - AFP

ဒီဇင်ဘာ ၁၀  

ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးတွေ ချွတ်ခြုံကျခဲ့ပြီး လူအများအပြား အလုပ်လက်မဲ့ဖြစ်ခဲ့ကြပါတယ်။  

နိုင်ငံတစ်လွှားက လူသန်းပေါင်းများစွာလည်း စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှုနဲ့ကြုံတွေ့နေကြရပြီး ရိက္ခာလိုအပ်ချက်ကြီးမားလာတာကို အလျင်မီစေဖို့ ပရဟိတအဖွဲ့အစည်းတွေဟာလည်း ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ 

Social Weather Stations ရဲ့ လူထုသဘောထားမေးမြန်းမှုစစ်တမ်းအရ ကပ်ရောဂါကာလအတွင်းမှာ အငတ်ပြဿနာရင်ဆိုင်နေရသူ အရေအတွက် စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ သုံးလအတွင်းက အိမ်ထောင်စုပေါင်းရဲ့ သုံးပုံတစ်ပုံနီးပါး ဒါမှမဟုတ် ၇.၆ သန်းလောက်ဟာ အနည်းဆုံး တစ်နပ်စားဖို့တောင် မလုံလောက်ခဲ့ကြဖူးလို့ စက်တင်ဘာလစစ်တမ်းမှာဖော်ပြထားပါတယ်။  

အဲဒီထဲက ၂.၂ သန်းလောက်ဟာ အလွန်အမင်း ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ 

မနီလာမြို့ ရိုမန်ကက်သလစ်အသင်းတော်က ကြက်သားနဲ့ ဟင်းသီးဟင်းရွက်ပါတဲ့ ထမင်းထုပ်နဲ့ထမင်းဘူးတစ်ထောင်ခန့်ကို ဆာလောင်နေတဲ့သူတွေအတွက် တစ်ပတ်ကို ငါးရက် ဝေပေးလျက်ရှိပါတယ်။  

ဧပြီလကတည်းက စတင်ဝေပေးခဲ့တာဖြစ်ပြီး အဲဒီတုန်းက လူ ၂၅၀ လောက်ပဲတန်းစီခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် တန်းစီတဲ့ဦးရေ များသည်ထက်များလာပြီး လွန်ခဲ့တဲ့သုံးပတ်လောက်ကစပြီး လူ ၁ ၀၀၀ လောက်ဖြစ်လာခဲ့တယ်လို့ ဖာသာတစ်ဦးဖြစ်တဲ့ ဖလာဗီဂဗီလန်နျူးမား က ပြောပါတယ်။  

အသက် ၄၁ နှစ်အရွယ် ဒန်နီရယ်အော်မင်တိုဆိုတဲ့အိမ်ထောင်သည်တစ်ဦးဟာ ကိုဗစ်ကာလအတွင်းမှာ အလုပ်ပြုတ်ခဲ့ပြီး အိမ်ပါဆုံးရှုံးခဲ့တာပါ။ ခုတော့ လမ်းဘေးမှာပဲ နေကာ ပြန်လည်အသုံးပြုနိုင်တဲ့ အမှိုက်တွေကို ကောက်ရောင်းပြီး အသက်မွေးနေတာဖြစ်ပါတယ်။  

ဒန်နီရယ်က သူ့ရဲ့ဆန္ဒကို ခုလိုပဲပြောပြပါတယ်။ “ကပ်ရောဂါကြောင့် ခြေလက်အင်္ဂါတွေ ဆုံးရှုံးသွားသလို ခံစားရပါတယ်။ အလုပ်လည်းမရှိ မိသားစုကလည်း စားချင်တာမစားရ။ သမီးလေးအတွက်လည်း နို့နဲ့ ဒိုက်ပါတွေတောင် မဝယ်ပေးနိုင်ပါဘူး။ အရင်တုန်းက အခြေအနေလေးပြန်လိုချင်ပါတယ်။ နေဖို့ စားဖို့ ရေချိုးဖို့နဲ့ အိပ်ဖို့ သင့်တော်တဲ့နေရာလေး ရှိချင်ပါတယ်။ လမ်းပေါ်မှာ အမြဲတမ်း နေမသွားချင်ဘူး။ သမီးလေးက ရှိသေးတယ်လေ” လို့ဆိုပါတယ်။  

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငတ်မွတ်ခေါင်းပါးမှုတွေ ရင်ဆိုင်နေရစဉ်မှာပဲ ပြီးခဲ့တဲ့လတွေအတွင်းက ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်းတွေ အဆက်မပြတ် ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးခဲ့ကာ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ခဲ့ကြရပါတယ်။  

ကပ်ရောဂါမတိုင်ခင်ကတည်းက ဖိလစ်ပိုင်မှာ ငတ်မွတ်ခေါင်းပါးမှုဟာ အဓိကပြဿနာကြီးတစ်ရပ်ဖြစ်ပါတယ်။   

၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်အတွင်းက လူဦးရေ ၅၉ သန်းလောက်ဟာ ရိက္ခာမလုံလောက်မှုတွေ ကြုံတွေ့ခဲ့ရပြီး အရှေ့တောင်အာရှမှာ အဆိုးဆုံးဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ရဲ့အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly