အမေရိကန်တွင် အားလပ်ရက်များ မတိုင်မီ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူနှုန်းထား မြင့်တက်

အမေရိကန်တွင် အားလပ်ရက်များ မတိုင်မီ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူနှုန်းထား မြင့်တက်
Photo - AP

ဒီဇင်ဘာ ၉

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်းထားသည် ဧပြီလနှောင်းပိုင်းက ကြောက်မက်စဖွယ် နှုန်းထားနှင့် တန်းတူမြင့်တက်နေပြီး တစ်နေ့လျှင် ပျမ်းမျှ ၂၂၀၀ ကျော်မက သေဆုံးနေသည်။ ကူးစက်ဖြစ်ပွားသူနှုန်းထားမှာလည်း စံချိန်တင်ပထမဆုံးအဖြစ် တစ်နေ့ လူနှစ်သိန်း ကူးစက်မှုနှုန်းထက် ကျော်လွန်နေသည်။

ကျေးဇူးတော်နေ့၌ လူစုရုံးမှုများဖြင့် ကျင်းပပြီးစီးထားစအချိန်နှင့် ခရစ္စမတ်နှင့် နှစ်သစ်ကူးနေ့များ ရှိနေခြင်းက ကပ်ဘေးအတွင်း မလွှဲမရှောင်နိုင် ဖြစ်ပွားရင်ဆိုင်ရလာနိုင်သော အဆိုးဆုံး အခြေအနေအဖြစ် ရှေ့ကဆီးကြိုနေသည်။

အမေရိကန်တွင် ကာကွယ်ဆေး ရရှိရန် ရက်ပိုင်းအလိုဖြစ်ပုံရသော်လည်း ထင်သာမြင်သာအားဖြင့် ပြည်နယ်တိုင်း၌ ကူးစက်သေဆုံးမှုက မြင့်တက်နေသည်။

“ကျွန်တော်တို့ အခု လုပ်ကိုင်ဆောင်ရွက်သမျှဟာ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းအတွက်ပဲ ဖြစ်လိမ့်မယ်။”ဟု ဝါရှင်တန်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျေးအင်စလီက အင်္ဂါနေ့တွင် ပြောသည်။

ပြည်နယ်အတွင်း ဝိုင်းဖွဲ့စားသောက်ဆိုင်များ၊ စားသောက်ဆိုင်နှင့် ဘားများတွင် စုရုံးသောက်စားခြင်းများအပါအဝင် စီးပွားရေးလုပ်ငန်းကိုင်ငန်းများနှင့် လူစုရုံးမှုများအပေါ် ကန့်သတ်ချက်များအား သက်တမ်းထပ်တိုးရာ၌ ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

သို့ရာတွင် ကာကွယ်ဆေး ရခါနီး မျှော်လင့်ချက် ရှိနေ၍ ၎င်းက “အခုတလောမှာတော့ ကျွန်တော်တို့ဟာ ပကတိအခြေအနေကို ရင်ဆိုင်နေတာပါ။ ဒီ ပကတိအခြေအနေဆိုတာကလည်း ကပ်ဘေးနဲ့အတူ အလွန် ကြောက်မက်ဖွယ် အခြေအနေမျိုးအတွင်းမှာ ကျွန်တော်တို့ ရောက်နေဆဲ ကာလမို့ပါ။”ဟု ပြောသည်။

နိုင်ငံတွင်းရှိ အခြားနေရာများအဖြစ် မြောက်ပိုင်းကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း ည ဆယ်နာရီ အပြင်မထွက်ရအမိန့် ပြဋ္ဌာန်းပြီး ကယ်လီဖိုးနီးယား အာဏာပိုင်များကလည်း ဗိုင်းရပ်စ် ရုတ်ခြည်းကူးစက်ပျံ့နှံ့နေမှုအကြောင်းနှင့် ပြည်နယ်က ပြဋ္ဌာန်းထားသော နေအိမ်မှာပဲနေကြရန် အမိန့်များကို လိုက်နာရန် တိုက်တွန်းသော စာများကို သန်းပေါင်းများစွာသော ပြည်သူများ၏ ဖုန်းများသို့  ပေးပို့သတိပေးလျက် ရှိသည်။

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်း ၂၈၅၀၀၀ ဦးအထိ ရှိနေကာ ကူးစက်ဖြစ်ပွားသူနှုန်းထားမှာ ၁၅ သန်းမက ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly