ကိုဗစ်ကူးစက်မှု့မြင့်တက်နေသောရန်ကုန်တွင် အရေးယူမှုများတင်းကျပ်ပေးရန် ကျန်းမာရေးဝန်ကြီးတောင်းဆို

ကိုဗစ်ကူးစက်မှု့မြင့်တက်နေသောရန်ကုန်တွင် အရေးယူမှုများတင်းကျပ်ပေးရန် ကျန်းမာရေးဝန်ကြီးတောင်းဆို
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ ဒီဇင်ဘာ ၉

COVID-19 ရောဂါကူးစက်မှုမြင့်တက်နေသော ရန်ကုန်တွင် ကိုဗစ်စည်းကမ်းချက်များတိကျစွာလိုက်နာနိုင်ရေး အရေးယူမှုများတင်းကျပ်စွာဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်တွန်းလိုက်သည်။

“COVID-19 ရောဂါကာကွယ်ရေးစည်းကမ်းချက်များကို ပြည်သူများအကြားလိုက်နာမှုအားကောင်းစေရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်းကျပ်စွာဆောင်ရွက်ပေးပါရန် ပြောကြားလိုသည်” ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများ တိကျစွာလိုက်နာဆောင်ရွက်ရေး ကြီးကြပ်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပတ်သက်ပြီး Videoconferencing စနစ်ဖြင့် ဆွေးနွေးရာတွင် ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်လူနာအားလုံး၏ ၇၄ ရာခိုင်နှုန်းနှင့် ကိုဗစ်ကြောင့် သေဆုံးသူ အားလုံး၏ ၉ဝ ရာခိုင်နှုန်းကျော်သည်ရန်ကုန်တိုင်းဒေသကြီးမှဖြစ်သည်။ဒါ့အပြင် ရန်ကုန်တိုင်းတွင် အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်သော မြို့တော်ဝန်ဦးမောင်မောင်စိုးလည်း COVID-19 ရောဂါကူးစက်ခံထားရသည်။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်စစ်ဆေးကုသကာကွယ်ရေးလုပ်ငန်းများ၊ အခြားရောဂါအမျိုးမျိုးကို ကာကွယ်ကုသရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနေပြီဖြစ်ကြောင်းလည်း ဒေါက်တာမြင့်ထွေးက ပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းအစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်သူများအကြားလူမှုစီးပွားပြဿနာများ မဖြစ်ပွားစေရန် ချိန်ဆဆောင်ရွက်နေကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများပင်ပန်းနွမ်းနယ်နေသည်ကို သိရှိပါကြောင်းပြန်လည် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့် "ပြည်သူလူထုအခြေပြု COVID-19 ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်" အား ကနဦး (pilot) ဆောင်ရွက်လျှက်ရှိသည်။COVID-19 ဖြစ်ပွားကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများ ဝန်ထုတ်ဝန်ပိုးလျော့စေရေး၊ ပြည်သူများ လူမှုစီးပွား ထိခိုက်မှု မရှိစေရေးတို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်းဝန်ကြီးချုပ်ကဆိုသည်။

နေအိမ်တွင်သာနေထိုင်ရေး Stay at Home အမိန့်ကို ထပ်တိုးထုတ်ပြန်ထားသော်လည်း ပြည်သူအချို့ စည်းကမ်းမလိုက်နာသည့်အတွက် လူစုလူဝေးဖြစ်ပွားမှုများရှိခဲ့ပြီး ကိုဗစ်တိုက်ဖျက်ရေးဆောင်ရွက်နေကြသူများနှင့် ပြည်သူများက ဝေဖန်ရှုတ်ချခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly