မလေးရှား ကိုဗစ်တိုက်ပွဲရဲ့ ရှေ့တန်းမှာ ရှိနေတဲ့ မသန်စွမ်းပစ္စည်းပို့သမား  

မလေးရှား ကိုဗစ်တိုက်ပွဲရဲ့ ရှေ့တန်းမှာ ရှိနေတဲ့ မသန်စွမ်းပစ္စည်းပို့သမား  
Photo - AFP

ဒီဇင်ဘာ ၉ 

မလေးရှားနိုင်ငံက မသန်စွမ်း ပစ္စည်းပို့သမားတစ်ဦးဖြစ်တဲ့ မိုဟာမက် ဆိုင်ဒက်ခ် အိုစမန်ကတော့ ပြုပြင်မွမ်းမံထားတဲ့ လေးဘီးမော်တော်ဆိုင်ကယ်တစ်စီးနဲ့အတူ ယာဉ်ကြောတွေအကြား ကွေ့ပတ်ရှောင်ကွင်းသွားလာရင်း အစားအသောက်တွေကို မှာယူတဲ့ နေရာတွေဆီ အရောက် လိုက်လံပို့ဆောင်ပေးနေသူတစ်ဦး ဖြစ်ပါတယ်။ 

မွေးရာပါ အခြေအနေကြောင့် ခါးကိုင်းပြီး ပုံမှန်ထက် အရပ်ပုကာ အရပ်အမြင့် ၃ ပေ ခွဲ လောက်ပဲ ရှိနေတဲ့ ဆိုင်ဒက်ခ်အတွက်ကတော့ လှေကားထစ်တွေပေါ် တက်တဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေတောင်မှ စိန်ခေါ်မှုတစ်ခုလို ဖြစ်နေခဲ့ရပါတယ်။ 

“ဒီလိုပုံစံ ဖြစ်နေတာကြောင့် အလုပ်လုပ်ဖို့ အနည်းငယ်တော့ ခက်ခဲပါတယ်၊ တစ်ခုခုကို လုပ်ဖို့ နည်းနည်းတော့ ခက်ခဲပါတယ်” လို့ အသက် ၂၁ နှစ်အရွယ် ဆိုင်ဒက်ခ်က ကွာလာလမ်ပူ အစွန်အဖျားရှိ ပစ္စည်းပို့သမားတွေ ကျင်လည်ရာ နေရာတစ်ခုမှာ အေအက်ဖ်ပီကို ပြောပြခဲ့ပါတယ်။ 

ဒါပေမယ့်လည်း သူ့ရဲ့ ပြုပြင်မွမ်းမံထားတဲ့ ဆိုင်ကယ်နဲ့အတူ ဆိုင်ဒက်ခ်ဟာ သူများနဲ့ မတူတဲ့ လူတစ်ဦးဖြစ်လာပြီး ၎င်းဟာ စားသောက်ဆိုင်တွေကနေ အစားအသောက်တွေ ယူပြီး မှာယူသူတွေဆီ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ အလုပ်ကို လုပ်ကိုင်နေသူတစ်ဦး ဖြစ်နေပါပြီ။ ဒီလိုမျိုး အစားအသောက်တွေ လိုက်ပို့တဲ့ အလုပ်ကတော့ ကပ်ရောဂါကာလမှာ လူတွေ နေအိမ်တွေထဲမှာ ရှိနေရချိန် ရုတ်တရက် တိုးတက်လာတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။ 

ယခုအခါမှာ သယ်ယူပို့ဆောင်ရေးနဲ့ ပစ္စည်းပို့ အက်ပလီကေးရှင်း Grab အတွက် အလုပ်လုပ်ပေးနေတဲ့ အသက် ၂၁ နှစ်အရွယ် ဆိုင်ဒက်ခ်အတွက်ကတော့ ဘဝက တကယ်ပဲ မလွယ်ကူခဲ့ပါဘူး။ 

ဆိုင်ဒက်ခ်ဟာ အခြား အချိန်ပြည့် အလုပ်နေရာတွေ လျှောက်ခဲ့ပေမယ့် သူ့ရဲ့ မသန်စွမ်းမှုကြောင့် အလုပ်ရှင်တွေရဲ့ ငြင်းပယ်မှုကို ထပ်ခါတလဲလဲ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း ခုလို ကိုယ်တိုင် ဆိုင်ကယ်တစ်စီးနဲ့ ပစ္စည်းလိုက်ပို့တဲ့ အလုပ်ကလွဲပြီး အခြား ရွေးချယ်စရာ သိပ်မရှိခဲ့ပါဘူး။ 

ဘာပဲဖြစ်ဖြစ် ဆိုင်ဒက်ခ်ကတော့ အကောင်းမြင်စိတ်ထားပြီး သူဟာ သူ့ရဲ့ ဒီအလုပ်ကို နှစ်သက်တယ်လို့ ဆိုပါတယ်။ဘာလို့လဲဆိုတော့ ဒါက အခြား ဆိုင်ကယ်စီးပစ္စည်းပို့သမားတွေ၊ ဖောက်သည်တွေနဲ့ ဆက်ဆံပတ်သက်ခွင့်ရတာကြောင့်ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ 

မိုဘိုင်း အက်ပလီကေးရှင်းတွေပေါ်မှာ မှာယူတဲ့ ပစ္စည်းတွေကို ပစ္စည်းပို့သမားတွေ ဆိုင်ကယ်နဲ့ မမောနိုင်မပန်းနိုင် လိုက်ပို့နေကြတဲ့ အဆိုပါ အရှေ့တောင်အာရှနိုင်ငံမှာတော့ ခုလို မသန်စွမ်းပစ္စည်းပို့သမားမျိုးက မြင်ရခဲတဲ့ မြင်ကွင်းမျိုး ဖြစ်နေပါတယ်။ 

ဘာပဲဖြစ်ဖြစ် မသန်စွမ်း အသိုင်းအဝိုင်းအတွင်းက မသန်စွမ်းတွေအတွက်ကတော့ ယေဘုယျအားဖြင့် ဘဝတွေဟာ တကယ့်ကို မလွယ်ကူလှပါဘူး။ 

မလေးရှားနိုင်ငံမှာတော့ မသန်စွမ်းတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရာမှာ အစိုးရဘက်က လုံလောက်တဲ့ တက်ကြွမှုမျိုး မရှိဘူးလို့ ဒါမိုင် မသန်စွမ်း အဖွဲ့အစည်းရဲ့ ဥက္ကဌ ဗီ မာရူဂီဆန်က ပြောပါတယ်။ 

“အစိုးရဘက်က လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်မယ်ဆိုရင် ခွဲခြားဆက်ဆံမှုတွေ ရပ်စဲသွားပါလိမ့်မယ်” လို့ ၎င်းက ပြောပါတယ်။ 

ဆိုင်ဒက်ခ်ကိုယ်တိုင်လည်း ဒီလို ခွဲခြားဆက်ဆံမှုတွေကို ကြုံတွေ့ခဲ့သူဖြစ်ပါတယ်။ 

ကျောင်းပြီးတဲ့နောက် ဆိုင်ဒက်ခ်ဟာ ပုံမှန် အလုပ်အကိုင်တွေကို လျှောက်ခဲ့ရာမှာ အလုပ်ရှင်တွေဘက်က သူ့ကို ငြင်းပယ်ခဲ့ပါတယ်။ 

ခုချိန်မှာတော့ ဆိုင်ဒက်ခ်ဟာ အတိတ်ကို  ပြန်တွေးမနေတော့ပါဘူး။ သူဟာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေတစ်ခု ရနေတဲ့အပေါ် ပျော်ရွှင်နေပါတယ်။ 

မလေးရှားမှာ မတ်လလယ်လက နိုင်ငံတဝန်း လော့ခ်ဒေါင်းတစ်ရပ် ချမှတ်ပြီးနောက်ပိုင်း မကြာခင်မှာပဲ သူဟာ ဒီလို ပစ္စည်းပို့သမားအဖြစ် အလုပ်စလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ လော့ခ်ဒေါင်းကြောင့် သီတင်းပတ်များစွာကြာ စီးပွားရေးလုပ်ငန်းအများအပြား ပိတ်ခဲ့ရပြီး လူတွေလည်း နေအိမ်တွေမှာပဲ နေခဲ့ကြရပါတယ်။ 

“ဒီလို အချိန်တွေအတောအတွင်းမှာ ခင်ဗျား အလုပ်လုပ်နိုင်တယ်ဆိုရင် ဘာအလုပ်မျိုးပဲ ရရ လုပ်သာလုပ်ပါ” လို့ ၎င်းက ပြောပါတယ်။ သူဟာ ဒီလို အစားအသောက် လိုက်ပို့တဲ့အလုပ်လုပ်ရာမှာ တစ်နေ့ကို ရင်းဂစ် ၁၀၀ (၂၅ ဒေါ်လာ) အထိ ရတယ်လို့ ၎င်းက ပြောပါတယ်။ 

ဒါ့အပြင် မလေးရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှု ပိုဆိုးတာနဲ့ ပြည်သူတွေ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေဆီ သွားဖို့ ဝန်လေးကြတဲ့အတွက် ဒီလိုအချိန်မှာ ဆိုင်ကယ်နဲ့ ပစ္စည်းပို့သူတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့ ဆိုင်ဒက်ခ်က ယုံကြည်နေပါတယ်။ 

ယင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်ခဲ့လို့ ပိတ်ပင်ကန့်သတ်ချက်တစ်ချို့ကို မကြာသေးခင်က ပြန်လည် ချမှတ်ထားခဲ့ပါတယ်။ လက်ရှိအချိန်အထိ ယင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၆၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၆၀ ဦးကျော် ရှိနေပါတယ်။ 

“ဒီလို လော့ခ်ဒေါင်းကာလအတွင်းမှာ ကျွန်တော်တို့လို ဆိုင်ကယ်နဲ့ ပစ္စည်းပို့တဲ့သူတွေက တကယ်တော့ ရှေ့တန်းနေရာမှာ ရှိနေကြသူတွေဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အစားအသောက်တွေ လိုက်ပို့ရင်း ပြည်သူတွေကို စောင့်ရှောက်နေကြလို့ဖြစ်ပါတယ်၊ ဒါမှလည်း ကိုဗစ်-၁၉ ကူးစက်မှုတွေ ထပ်တိုးလာမှာ မဟုတ်လို့ပါပဲ” လို့ ဆိုင်ဒက်ခ်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly