ဗြိတိန်မှာ ဖိုက်ဇာထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုအစီအစဉ် ယနေ့စတင်  

ဗြိတိန်မှာ ဖိုက်ဇာထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုအစီအစဉ် ယနေ့စတင်  
Photo - AFP

ဒီဇင်ဘာ ၈  

ဗြိတိန်နိုင်ငံမှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ကာကွယ်ဆေးထိုးမှုအစီအစဉ်အဖြစ် အင်္ဂါနေ့မှာ စတင်လိုက်ပြီး ဖိုက်ဇာ/ ဘိုင်ရွန်တက် (Pfizer/ BioNTech) က ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၉၀ နှစ်အရွယ်အဘွားတစ်ဦးကို ပထမဆုံးအဖြစ် စတင်ထိုးပေးလိုက်ပြီဖြစ်ပါတယ်။  

မာဂရက်ကန်နန်လို့အမည်ရတဲ့ အဘွားဟာ အင်္ဂလန်အလယ်ပိုင်း ကန်ဗန်ထရီမြို့က ဖြစ်ပြီး ဖိုက်ဇာရဲ့ ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံးထိုးနှံသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ 

ကာကွယ်ဆေးထိုးပေးတဲ့ ပထမဆုံးနေ့မှာ အသက် ၈၀ ကျော်သူတွေ၊ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာက ဝန်ထမ်းတွေ၊ ရှေ့တန်းကနေ ကိုဗစ်ကို တိုက်ဖျက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ပေးတဲ့ ဝန်ထမ်းတွေ ပါဝင်ပါတယ်။  

 နောက် ၂၁ ရက်အကြာမှာ ဒုတိယအကြိမ်အဖြစ် ထပ်မံထိုးရမှာဖြစ်ပါတယ်။  

ဗြိတိန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ဖိုက်ဇာနဲ့ဘိုင်ရွန်တက်ရဲ့ ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုဖို့ ပထမဆုံး အတည်ပြုတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။  

ကပ်ရောဂါကို အဆိုးရွားဆုံး ခံစားနေရတဲ့နိုင်ငံတွေထဲမှာ ဗြိတိန်လည်းအပါအဝင်ဖြစ်ပြီး လူပေါင်း ၁.၆ သန်းထက်မနည်း ရောဂါကူးစက်ခံထားရကာ ၆၁ ၀၀၀ ဦး သေဆုံးထားပါတယ်။ 

အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုဖို့ အတည်ပြုပြီးတဲ့နောက် နိုင်ငံတစ်လွှားမှာ ကာကွယ်ဆေးထိုးပေးမယ့်စင်တာတွေ အလျင်အမြန် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။  

ယူကေဟာ လူဦးရေ သန်း ၂၀ စာအတွက် လိုအပ်တဲ့ ထိုးဆေးအလုံးပေါင်း သန်း ၄၀ ကို မှာယူခဲ့ပြီး ပထမဆုံးအသုတ်အနေနဲ့ လူပေါင်း ၈၀၀ ၀၀၀ ကို ကာကွယ်ဆေးထိုးပေးသွားမှာဖြစ်ပါတယ်။  

ဒီဇင်ဘာလအကုန်မှာ ထိုးဆေးအလုံးပေါင်း လေးသန်း ရောက်ရှိမယ်လို့ မျှော်မှန်းထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly