KNPP နှင့် အစိုးရကြားက ငြိမ်းချမ်းရေး တိုးတက်မှုရှိလား

KNPP နှင့် အစိုးရကြားက ငြိမ်းချမ်းရေး တိုးတက်မှုရှိလား
ပုံ- KNPP နှင့် အစိုးရ ကိုယ်စားလှယ်များ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၇ ရက်က ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် (ပုံ- NRPC)

ဒီဇင်ဘာ ၈ ၊ ၂၀၂၀

နှေးကွေး လေးလံနေသော မြန်မာ့ငြိမ်းချမ်းရေး တိုးတက်မှု မြန်ဆန်လာရန်အတွက် အစိုးရ-တပ်မတော် -လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး ဖြစ်စဉ် သုံးသပ် အစည်းအဝေးများကို ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်(NCA)မထိုးနိုင် သေးဘဲ ညှိနှိုင်းနေရသည့် အဖွဲ့ဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ ကိုယ်စားလှယ် များနှင့် အစိုးရ ကိုယ်စားလှယ်များ Video Conferencing ကနေ ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အပြီးနောက်ပိုင်း အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးမှု များကို ပြုလုပ်သည့်အခါမှာ ပထမဆုံး ဆွေးနွေးပွဲဖြစ်သည်။ ပိုမိုထူးခြားသည်မှာ KNPP သည် NCA မထိုးရသေး သည့်အဖွဲ့ ဖြစ်သလို NCA စာချုပ်ပါ သဘောတူညီချက်များ ပြန်လည် ပြင်ဆင်နိုင်မှ လက်မှတ်ထိုးမည်ဟု ရပ် တည်နေသော အဖွဲ့ဖြစ်သည်။

အဓိက KNPP အနေဖြင့် NCA ကို လက်မှတ်မထိုးနိုင်သေးဘဲ ဖြစ်နေခြင်းကြောင့် NCA စာချုပ်ပါ သဘောတူညီ ချက်များထဲက နိုင်ငံရေးမူဘောင် နှင့် အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်သည့် ယန္တရားများကို ပြင်ဆင်နိုင်ရေး သဘောတူညီချက် မရရှိသေးခြင်း‌ကြောင့် NCA ထိုးရန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း သိရသည်။

ပုံ - KNPP နှင့် အစိုးရ ကိုယ်စားလှယ်များ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၇ ရက်က ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် (ပုံ- NRPC)

မည်သို့ပင်ဆိုစေကာမူ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးကို စဉ်းစားရတော့မည်ဖြစ်သည့်အတွက် ဒီဇင်ဘာ ၇ ရက်နေ့ က အစိုးရ၏ ကိုယ်စားလှယ်များနှင့် KNPP မှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးခဲ့ကြပြီး နှစ် ဖက် ယုံကြည်မှုကို ရယူခဲ့ကြသလို NCA ထိုးနိုင်ရေး လမ်းကြောင်း တချို့ကိုလည်း ဖော်ဆောင်နိုင်ရန် ဆွေးနွေး နိုင်ခဲ့သည်ဟု ကြားသိရသည်။

ထိုဆွေးနွေးပွဲမှာ KNPP က ဆောင်ရွက်လိုသော ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် ကျောင်းသားများ နေထိုင်နိုင်ရေး ဘော်ဒါဆောင် ဆောက်လုပ်နိုင်ရေးအတွက် NRPC နှင့် ကယားပြည်နယ်အစိုးရ ပူးပေါင်းဆောင်ရွက်ပေးရန်၊ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နိုင်ရေး နီပွန်ဖောင်ဒေးရှင်းမှ အကူအညီရရှိနိုင်ရန်အတွက် နီပွန်ဖောင်ဒေးရှင်း- KNPP- ငြိမ်းချမ်းရေး ကော်မရှင်(PC) သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးနိုင်ရေး PC က ကြိုးဖမ်း ပေးရန် အချက်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် NCA ထိုးနိုင်ရေးနှင့်ပတ်သက်ပြီး NCA မထိုးမှီ ယုံကြည်မှု တည်ဆောက်နိုင်ရေး နှစ်ဖက် သဘောတူ ချက် တစ်ခု လက်မှတ်ရေးထိုးရန်ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဤဆွေးနွေးမှုများ အားလုံး သဘောတူညီမှု ရယူနိုင်ခဲ့ကြကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အသိုင်းအဝန်းမှ ကြား သိရသည်။ အထူးသဖြင့် ကောင်းမွန်သော ရလဒ်မှာ NCA ထိုးနိုင်ရေးအတွက် မထိုးမှီ ယုံကြည်မှု တည် ဆောက်နိုင်ရေး နှစ်ဖက် သဘောတူညီချက် တစ်ခု လက်မှတ်ရေးထိုးရန် အချက်ပင်ဖြစ်ပါသည်။

ပုံ - KNPP နှင့် အစိုးရ ကိုယ်စားလှယ်များကို တွေ့ရစဉ် (ပုံ-NRPC)

အဆိုပါ အချက်နှင့်ပတ်သက်ပြီး KNPP ဘက်က မူကြမ်းကို စတင်ရေးဆွဲပြီးနောက် နှစ်ဖက် ကိုယ်စားလှယ်များ ညှိနှိုင်းကာ သဘောတူညီချက် ရယူကြမည်ဖြစ်သည်။

အထက်ပါ ဆွေးနွေးချက်များ အကောင်အထည်ဖော်နိုင်ရန်အတွက် Online ဆွေးနွေးမှုများကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဆက်လက် ဆွေးနွေးကြမည် ဖြစ်ပြီး COVID-19 ရောဂါ အခြေအနေပေးမှုအပေါ် မူတည်ကာ လူချင်းတွေ့ဆုံ ဆွေးနွေးကြရန် ဒီဇင်ဘာ ၇ ရက်နေ့ ဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်များနှင့် KNPP ကြား နားလည်မှု ရယူခဲ့ကြသည်ဟု ကြားသိရသည်။

ဒီဇင်ဘာ ၇ ရက်နေ့ ဆွေးနွေးပွဲမှာ အစိုးရဘက်က ပါဝင်ခဲ့သူများမှာ ငြိမ်းချမ်းရေးကော်မရှင်(PC)အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ PC အကြံပေး ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ နိုင်ငံတော် အတိုင်ပင် ခံရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေး၊ ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ် ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ဖြူ၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်တို့ ဖြစ်ကြ သည်။

KNPP ဘက်ကမူ KNPP ဒုဥက္ကဋ္ဌ ခူဦးရယ်၊ KNPP အတွင်းရေးမှူး(၁) ခူပလူးရယ်၊ KNPP ဗဟိုကော်မတီဝင် ခူထဲဘူး၊ KNPP ဖွံ့ဖြိုးရေး၊ လူမှုလုံခြုံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ ဒုတာဝန်ခံ(၂) ဦးထူးချစ်တို့ ပါဝင်ခဲ့ကြသည်။

အထက်ပါ သဘောတူညီချက်များသည် ဒီဇင်ဘာ ၇ ရက်နေ့က တက်ရောက်ခဲ့သော ကိုယ်စားလှယ်များ၏ ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် KNPP နှင့် အစိုးရကြားက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်လာသည်ဟု အကောင်းဘက်က ကြည့်လျှင် မြင်တွေ့ရပါမည်။ သံသယဘက်က ကြည့်ကြလျှင် ဤ ဆွေးနွေးချက်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စွမ်းဆောင်ပေးရန် လိုအပ်နေသေးကြောင်း ထောက်ပြ ကြပါလိမ့်မည်။

KNPP သည် ကရင်နီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ ညာမူ ဒေသမှာ ဌာနချုပ်အဖြစ် အခြေစိုက်ထားသည်။ KNPP လှုပ်ရှား နယ်မြေများမှာ ကယားပြည်နယ်အတွင်းရှိ လွိုင် ကော်မြို့နယ်၊ ရှားတောမြို့နယ်၊ ဟိုယာ(ဖရူးဆိုးမြို့နယ်)၊ဒေါတမကြီး(ဒီမောဆိုးမြို့နယ်) စသည့် ဒေသများ ဖြစ်သည်။

KNPP သည် ၁၉၅၇ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီးနောက် သုံးလအကြာမှာ ပျက်ပယ်သွားခဲ့သည်။ထို့နောက် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရက ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်တွင် တစ်နိုင်ငံလုံးသို့ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းခဲ့ရာမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ခဲ့ကြသည်။

အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ခဲ့ရာမှာ KNPP နှင့် အစိုးရကြား ၂၀၁၂ ခုနှစ်၊မတ်လ ၇ ရက်မှာ ပြည်နယ်အဆင့် ပမာဏာအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သလို ထိုနှစ်(၂၀၁၂ ခုနှစ်)၊ ဇွန်လ ၉ ရက်မှာ ပြည်ထောင်စုအဆင့် ပမာဏာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြသည်။

သို့သော်လည်း ၂၀၁၃ ခုနှစ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIA/KIO)က လိုင်ဇာမြို့မှာ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ ညီလာခံကို ကျင်းပကာ အားလုံး ပါဝင်နိုင်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် (NCA)ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သည့်အတွက် KNPP အပါအဝင် တိုင်းရင်း သား လက်နက်ကိုင် ၁၆ ဖွဲ့သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)ကို ဖွဲ့စည်းကာ အစိုးရ-တပ်မတော်တို့ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြသည်။

ပုံ - KNPP နှင့် အစိုးရ ကိုယ်စားလှယ်များကို တွေ့ရစဉ် (ပုံ-NRPC)

တခြား တစ်ဖက်မှာလည်း KNPP သည် တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှာ အဖွဲ့ဝင် အဖြစ် ပါဝင်ကာ NCA စာချုပ် လက်မှတ်ထိုး နိုင်ရေး ဆွေးနွေးခဲ့သည်။

ဤသို့ UNFC အဖွဲ့ဝင်အဖြစ် ပါဝင်ကာ NCA ထိုးနိုင်ရေး ဆွေးနွေးနေစဉ် UNFC က ဖွဲ့စည်းပေးခဲ့သော နိုင်ငံရေး ဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)မှာ KNPP က ဒုဥက္ကဋ္ဌ ခူဦးရယ်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ယူကာ DPN နှင့် အစိုးရ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြသည်။

DPN ကိုယ်စားလှယ်များနှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်မှာဘဲ UNFC ကနေ ကချင်လွတ်လပ်ရေးအဖွဲ့ (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ နှုတ်ထွက်သွားခဲ့ခြင်းကြောင့် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင်အမျိုးသားကောင်စီ(ANC)၊ KNPP တို့သာ ကျန်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီ ၁၃ ရက်တွင် NMSP နှင့် LDU တို့ NCA ထိုးသွားသည့်အတွက် KNPP နှင့် ANC တို့သာ ကျန် ခဲ့တော့သည်။

လက်ရှိမှာတော့ အစိုးရသည် ANC ကို ငြိမ်းချမ်းရေး ဆွေးနွေးဖက်အဖြစ်ကနေ ရပ်နားထားပြီး KNPP ကိုသာ ငြိမ်းချမ်းရေး ဆွေးနွေးဖက်အဖြစ် လက်ခံကာ ယနေ့ချိန်ထိ ဆွေးနွေးနေကာ NCA စာချုပ် ချုပ်ဆိုနိုင်ရေး အတွက် နှစ်ဖက် ကိုယ်စားလှယ်များ ကြိုးပမ်းနေကြခြင်းဖြစ်သည်။

ထို့ကြောင့် NCA ထိုးနိုင်ရေး KNPP သည် မိမိဘာသာ သီးသန့် ကြိုးပမ်းနေရာ ဒီဇင်ဘာ ၇ ရက်နေ့က အစိုးရ ကိုယ်စားလှယ်များနှင့် သီးသန့် ဆွေးနွေးပွဲမှာ သဘောတူညီခဲ့ကြသော အချက်များကို လက်တွေ့ အကောင် အထည်ဖော်နိုင်ပါက NCA လမ်းကြောင်းထဲကို ပါဝင်လာနိုင်ရန် နီးစပ်လာမည်။

မည်သို့ပင်ဆိုစေကာမူ ဒီဇင်ဘာ ၇ ရက်နေ့က ဆွေးနွေးပွဲသည် အပြုသဘောဆောင်ကာ တိုးတက်မှု ရှိခဲ့သော် လည်း KNPP အနေဖြင့် NCA စာချုပ် လက်မှတ်ထိုးရေး ဆောင်ရွက်နိုင်မလားဆိုတာကတော့  စောင့်ကြည့်ရ ပေဦးမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required