ကန်ဒေါ်လာ ၇၀၈ ဘီလီယံရှိ စီးပွားရေးလှုံ့ဆော်အားပေးမှုအစီအစဉ် ဂျပန်ဝန်ကြီးချုပ် ကြေညာ

ကန်ဒေါ်လာ ၇၀၈ ဘီလီယံရှိ စီးပွားရေးလှုံ့ဆော်အားပေးမှုအစီအစဉ် ဂျပန်ဝန်ကြီးချုပ် ကြေညာ

ဒီဇင်ဘာ ၈

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေး နက်နက်ရှိုင်းရှိုင်း ထိုးကျမှုကနေ ပြန်လည်နာလန်ထူမှုကို အရှိန်မြန်ဆန်စေရန်အတွက် ကန်ဒေါ်လာ ၇၀၈ ဘီလီယံ (ယန်းငွေ ၇၃ ဒသမ ၆ ထရီလီယံ) ရှိသော စီးပွားရေးလှုံ့ဆော်အားပေးမှု အစီအစဉ်သစ်တစ်ရပ်ကို အစိုးရဘက်က စီစဉ်လုပ်ဆောင်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂါက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားလိုက်သည်။

ယခု အစီအစဉ်သစ်တွင် ကာဘွန် ထုတ်လွှတ်မှု လျှော့ချရေး၊ ဒစ်ဂျစ်တယ် နည်းပညာများကို အားပေးမြှင့်တင်ရေး ရည်ရွယ်သည့် လုပ်ဆောင်ချက်အစီအစဉ်များနှင့် တိုက်ရိုက် ဘဏ္ဍာငွေ သုံးစွဲမှုအဖြစ် ယန်းငွေ ၄၀ ထရီလီယံခန့်တို့ ပါဝင်မည်ဖြစ်ကြောင်း ဆုဂါက အာဏာရပါတီ အမှုဆောင်များနှင့် တွေ့ဆုံသည့် အစည်းအဝေးတစ်ခုတွင် ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာ နယ်စပ်များကို ပိတ်ထားခဲ့ရသလို လူ သန်းနှင့်ချီတို့ကိုလည်း အလုပ်လက်မဲ့ဖြစ်ထားစေခဲ့ချိန် ကမ္ဘာတစ်၀န်း မူဝါဒချမှတ်သူများသည် နက်ရှိုင်းပြီး ကာလရှည်ကြာနိုင်သော စီးပွားရေးကျဆင်းမှုကို ကာကွယ်ရန် အလို့ငှာ ငွေကြေးနှင့် ဘဏ္ဍာရေး နှိုးဆွလှုံ့ဆော်မှု အစီအစဉ်များကို ထုတ်ဖော်ထားခဲ့ကြသည်။

အမေရိကန်နိုင်ငံတွင်လည်း ကန်ဒေါ်လာ ၉၀၈ ဘီလီယံ ရှိသော ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အကူအညီထောက်ပံ့ရေး အစီအစဉ်တစ်ရပ်ကို ကွန်ဂရက်တွင် ဆွေးနွေးလျက် ရှိသည်။

ဆုဂါ၏ အစိုးရ၀န်ကြီးများအဖွဲ့သည် ယခု စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်ကို ဒီဇင်ဘာ ၈ ရက်တွင် အတည်ပြုသွားရန် ရှိနေပြီး ယင်းနှင့်ဆိုပါက ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် သက်ဆိုင်သည့် လှုံ့ဆော်မှု စုစုပေါင်းတန်ဖိုးပမာဏကို ဒေါ်လာ ၃ ထရီလီယံခန့်အထိ ရောက်ရှိသွားစေမည်ဖြစ်သည်။

ယခုနှစ်အတွင်း ယခင် ထုတ်ဖော်ထားခဲ့သည့် အစီအစဉ်နှစ်ခုက စုစုပေါင်းတန်ဖိုးအားဖြင့် ဒေါ်လာ ၂ ဒသမ ၂ ထရီလီယံ ရှိပြီး ယင်းတို့သည် ကပ်ရောဂါကြောင့် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းကဏ္ဍအပေါ် ချက်ချင်း သက်ရောက်မည့် ဖိစီးမှုဒဏ်များကို ကိုင်တွယ်မှုအပေါ် အာရုံစိုက်ထားခဲ့သည်။

“အလုပ်အကိုင်ခန့်ထားမှုကို ဆက်ထိန်းထားဖို့၊ စီးပွားရေးလုပ်ငန်းတွေကို အားပေးဖို့၊ စီးပွားရေးအခြေအနေကို မူလအတိုင်း ပြန်ဖြစ်စေဖို့နဲ့ အစိမ်းရောင်နဲ့ ဒစ်ဂျစ်တယ် နယ်ပယ်တွေမှာ ဖွံ့ဖြိုးတိုးတက်မှုအသစ်တွေ ဖြစ်ထွန်းရရှိစေမယ့် နည်းလမ်းတစ်ခု ဖွင့်လှစ်ဖို့အတွက် ကျွန်တော်တို့ဟာ ဒီလို အစီအမံတွေကို စီစဉ်လုပ်ဆောင်ထားတာဖြစ်ပါတယ်၊ ဒါမှလည်း ပြည်သူတွေရဲ့ဘ၀တွေနဲ့ အသက်မွေးမှုတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်” ဟု ဂျပန်ဝန်ကြီးချုပ် ဆုဂါက ပြောသွားခဲ့သည်။

အစီအစဉ်ထဲတွင် ၂၀၅၀ တွင် ကာဘွန်ထုတ်လွှတ်မှု ကင်းမဲ့မှု ဖြစ်စေရေး အားပေးအားမြှောက်ပြုရန် ယန်းငွေ ၂ ထရီလီယံရှိ ရန်ပုံငွေ၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးအရှိန်မြင့်စေရန်  ယန်းငွေ ၁ ထရီလီယံ ၊ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းလည်ပတ်ချိန်နာရီ လျော့ကျ၍ ထိခိုက်ခဲ့သည့် စားသောက်ဆိုင်များကို ထောက်ကူရန် ထောက်ပံ့ငွေ ယန်း ၁ ဒသမ ၅ ထရီလီယံတို့လည်း ပါဝင်သည်။

ဒစ်ဂျစ်တယ်နှင့် အစိမ်းရောင် အစီအစဉ်လုပ်ဆောင်ချက်များတွင် ရင်းနှီးမြှုပ်နှံမှုက ဆုဂါ ထုတ်ဖော်ထားခဲ့သည့် ၎င်း ဦးစားပေးကိစ္စများထဲမှ နယ်ပယ်တစ်ခုပင် ဖြစ်သည်။

ကမ္ဘာ့ တတိယမြောက် အင်အားအကြီးဆုံးဖြစ်သည့် ဂျပန် စီးပွားရေးသည် ဒုတိယသုံးလပတ်က စစ်ပြီးခေတ် အဆိုးဆုံး ကျုံ့ဝင်မှု ဖြစ်ခဲ့ရာကနေ ဇူလိုင်-စက်တင်ဘာ ကာလတွင် အဆိုးဘက်မှ အကောင်းဘက် ပြန်ရောက်လာခဲ့သည်။ သို့သော် ကိုဗစ်-၁၉ ကူးစက်မှု တတိယလှိုင်းတစ်ခုက မည်သည့် ပြန်လည် နာလန်ထူမှုကိုမဆို အသင့်အတင့် အဆင့်တွင်သာ ရှိစေလိမ့်မည်ဟု အကဲဖြတ်အများအပြားက ခန့်မှန်းတွက်ဆနေကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly