ကယားပြည်နယ်မှ လယ်သမားများ ဆည်မြောင်းသို့ ရေခွန်ဆောင်ရန် ကျပ်သိန်း ၆၀၀၀ ကျန်ရှိ

ကယားပြည်နယ်မှ လယ်သမားများ ဆည်မြောင်းသို့ ရေခွန်ဆောင်ရန် ကျပ်သိန်း ၆၀၀၀ ကျန်ရှိ
ဓာတ်ပုံ - ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်

ဒီဇင်ဘာ ၇၊ ၂၀၂၀

ကယားပြည်နယ်အတွင်း ရေကိုမှီခိုပြီး စိုက်ပျိုးရေး လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ ၂၀၀၆ - ၂၀၀၇ ခုနှစ်မှ စတင်၍ ယနေ့အထိ ရေခွန် ပေးဆောင်ရန် အကြွေး ကျပ်သိန်း ၆၀၀၀ ခန့် ကျန်ရှိနေသေးသည်ဟု ကယားပြည်နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးဝေလွင်က ပြောသည်။

“စိုက်ပျိုးရေ ရရှိအောင် နိုင်ငံတော်က ဆည်၊ ရေလှောင်တမံတွေ တည်ဆောက်ပြီးတော့ လယ်တွေ ရေပေး။ အဲဒီတော့ အခြေအနေက ဘာလဲဆိုရင် ၂၀၀၆ - ၂၀၀၇ ခုနှစ်လောက်က စပြီးတော့ ရေခွန် ကြွေးကျန်တွေ အများကြီး ကျန်နေပါတယ်။ ကယားပြည်နယ်မှာ ဆိုလို့ရှိရင် ရေခွန်ကြွေးကျန် သိန်းပေါင်း ၆၀၀၀ ကျန်နေပါတယ်” ဟု ၎င်းက ပြောသည်။

ကယားပြည်နယ်တွင် ယခုနှစ် ရာသီဥတု ပြောင်းလဲမှုကြောင့် ဆည်နှင့် ရေလှောင်တမံများ ရေနည်းသွားသဖြင့် တောင်သူလယ်သမားများ နွေစပါး စိုက်ပျိုးရာတွင် ရေလျော့နည်းသွားသည့် ကိစ္စ သွား‌ရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ ပြည်နယ် ဦးစီးမှူး ဦးဝေလွင်က သတင်းထောက်များကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဝေလွင်က ဆက်လက်၍ “ရေခွန်တွေ ပေးဆောင်မှုမှာ တောင်သူတွေဟာ အားနည်းလျက် ရှိပါတယ်။ ဘာလို့လဲဆိုရင် တောင်သူတွေကို အသိပညာရအောင် ကျွန်တော်တို့ ရေအသုံးချသူများ အစုအဖွဲ့ ၁၁ ဖွဲ့နဲ့ စုဖွဲ့ပြီးတော့ လုပ်ကိုင်လာတဲ့အခါမှာ ဒီနှစ်မှာ ဆိုလို့ ရှိရင် ပုံမှန် ၂၅ ရာခိုင်နှုန်း ကောက်ခံ ရရှိထားရာကနေ အခုလက်ရှိ ပြီးခဲ့တဲ့ မိုးစပါး၊ နွေစပါးမှာ ၄၅ ရာခိုင်နှုန်း အထိတောင် ကောက်ခံရရှိနေပါပြီး” ဟု ဆိုသည်။

ဓာတ်ပုံ - ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်

နွေစပါး စိုက်ပျိုးနိုင်ရေးအတွက် လယ် တစ်ဧကလျှင် ရေပီပါပေါင်း ၃၆,၀၀၀ ခန့် အသုံးပြုရပြီး ရေခွန်မှာ ငွေကျပ် ၂၀၀၀ သာ နိုင်ငံတော်သို့ အခွန်ပေးဆောင်ရကြောင်း၊ ကယားပြည်နယ်အတွင်း ဆည်မြောင်းနှင့် ရေလှောင်တမံများမှ ရေကို မှီခိုပြီး နှစ်စဉ် မိုးစပါး ဧက ၄၀,၀၀၀ နှင့် နွေစပါးအတွက် ဧက ၆၀၀၀ ခန့်အတွက် နိုင်ငံတော်အစိုးရက ပေးဝေလျက်ရှိကြောင်း သိရသည်။

တောင်သူလယ်သမားများ ယခင် ရေခွန်ပေးဆောင်ရန် ပျက်ကွက်မှုနှင့် ပတ်သက်၍ ဥပဒေ အားနည်းမှုကြောင့် ဖြစ်သည်ဟု ဦးဝေလွင်က ထောက်ပြသည်။

တောင်သူလယ်သမားများထံမှ ရရှိလာသည့် အခွန်များကို ဆည်မြောင်းနှင့် ရေလှောင်တမံများ၊ ကျေးရွာဖွံ့ဖြိုးရေး ကိစ္စများ ဆောင်ရွက်ရာတွင် ပြန်လည် အသုံးချကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း ဆည်မြောင်းနှင့် ရေလှောင်တမံများ ရေလျော့နည်းသွားသဖြင့် လာမည့်နှစ် ဇန်နဝါရီလမှစတင်၍ နွေစပါး စိုက်ပျိုးမည့် တောင်သူလယ်သမားများကို ဧက ၈၀၀ ခန့်သာ ရေပေးဝေနိုင်တော့မည်ဟုလည်း ဦးဝေလွင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required