RCSS နှင့် TNLA နမ္မတူမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်

RCSS နှင့် TNLA နမ္မတူမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်
ပုံ - RCSS နှင့် TNLA နမ္မတူမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်

ဒီဇင်ဘာ ၇ ၊ ၂၀၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်(TNLA)တို့ ယနေ့ (ဒီဇင်ဘာ ၇ ရက်) နေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာ နေရာမှာ နမ္မတူမြို့နယ်၊ ပန်တောင်းတံတားအနီး၊ မိုင်းမုကျေးရွာဘက်မှာ ယနေ့ နံနက် ၇ နာရီ ၅၅ မိနစ်လောက်က RCSS နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်ဟု RCSS ဘက်က ပြောသည်။

RCSS/SSA မှ တောင်ကြီးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက “ ဟုတ်ကဲ့ ကျွန်တော်တို့ နမ္မတူမြို့နယ်ထဲမှာ ဖြစ်တာ၊ နမ္မတူမြို့နယ် ပန်တောင်းတံတား- မိုင်းမုကျေးရွာဘက်မှာ ဖြစ်တာ။ ကျွန်တော်တို့ ရှိတဲ့ စခန်းကို TNLA ကလာတိုက်လို့ ဖြစ်တာ မနက် ၈ နာရီထိုးဖို့ ၅ မိနစ်လောက်အလိုမှာ ဖြစ်တာပါ။ ကျို့ ကြား ကျို့ကြား ဖြစ်နေတုန်းပဲ”ဟု မဇ္ဈိမသို့ ပြောသည်။

ထို တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး TNLA ဘက်ကသို့ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းအဆက် အသွယ် မရရှိသည့်အတွက် တစ်စုံတစ်ရာ မသိရပေ။

နမ္မတူမြို့စစ်ဘေးရှောင်ကူညီရေးစခန်းတာဝန်ခံ စိုင်းဘဉာဏ်က “နမ္မတူချောင်းတံတားသွားတဲ့ ဘက်မှာ ဖြစ်တာ။ ပန်တောင်းတံတားလေ အဲဘက်မှာ ဖြစ်တာ။ အခုတော့ ပြန်ငြိမ်သွားပြီ ဘာသံမှ မကြားတော့ဘူး။ သွားဆုံတဲ့အခါမှာ ဖြစ်ကြတာ”ဟု ပြောသည်။

ပုံ - TNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ပုံ-Mizzima)

ယနေ့ RCSS နှင့် TNLA ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ မိုင်းမုရွာနှင့် အနည်းငယ် ဝေးသည့်အတွက် ဒေသခံ များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း ၎င်းက ပြောသည်။

ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက “ အခုက တိုက်ပွဲကတော့ သိပ်တော့ မပြင်းထန်ဘူး၊ ဒါပေမယ့် စစ်ရေးက နည်းနည်း ရှုပ်နေတယ်၊ တင်းမာမှု ရှိနေသေးတော့ ပြန်ဖြစ်နိုင်တယ်။ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက် ကြတာတော့ မဟုတ်သေးဘူး၊ လက်နက်ငယ်တွေနဲ့ပဲ ဖြစ်ကြတာလို့ ကြားရတယ်”ဟု ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ၊ နမ္မတူ၊ လားရှိုး၊ သီပေါ၊ နောင်ချို၊ မူဆယ်၊ ကွတ်ခိုင် စသည့် မြို့နယ်များအတွင်းမှာ RCSS နှင့် TNLA တို့ကြား အုပ်ချုပ်ရေး နယ်မြေ အငြင်းပွားမှုများ ရှိနေသည်။ ထို အငြင်းပွားမှုကြောင့် RCSS နှင့် TNLA တို့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက စတင်၍ ၂၀၁၈ ခုနှစ်အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး ယနေ့ချိန်ထိလည်း တစ်စုံတစ်ရာ သဘောတူညီမှု ရယူနိုင်ခြင်း မရှိသည့်အတွက် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၈ နာရီက RCSS နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားသည့် နမ္မတူမြို့နယ်အတွင်း မှာ တပ်မတော် အပါအဝင် လက်နက်ကိုင်အဖွဲ့များဖြစ်သည့် RCSS၊ TNLA၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)တို့ လှုပ်ရှားလျက်ရှိကြသည်။

ထိုသို့ အဖွဲ့ဆုံ လှုပ်ရှားနေသည်အလျောက် ၂၀၁၉ ခုနှစ်၊ မတ်လ ၂၈ ရက်က တပ်မတော်နှင့် SSPP-TNLA ပူး ပေါင်းအဖွဲ့တို့ကြား နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အတွက် ရွာအတွင်း လက်နက် ကြီး ကျကာ နေအိမ် ၂ လုံး မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သလို ဘုန်းကြီးကျောင်းနံရံများလည်း သေနတ်ထိမှန် မှုများ အများအပြား ဖြစ်ပွားခဲ့ဖူးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required