အီရန် နျူကလီးယားသိပ္ပံပညာရှင်ကို ဂြိုလ်တုမှထိန်းချုပ်သော စက်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့

အီရန် နျူကလီးယားသိပ္ပံပညာရှင်ကို ဂြိုလ်တုမှထိန်းချုပ်သော စက်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့
Photo - AFP

ဒီဇင်ဘာ ၇ ၊ ၂၀၂၀

လွန်ခဲ့သည့်ရက်သတ္တပတ်ကလုပ်ကြံခံရသော အီရန်နိုင်ငံ၏ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင်မှာ ဂြိုလ်တုမှတစ်ဆင့်ထိန်းချုပ်သော”လူလုပ်မှတ်ဉာဏ်တု(AI) ”ထည့်သွင်းထားသောစက်သေနတ်ဖြင့်ပစ်ခတ်ခံ ရခြင်းဖြစ်သည်ဟုတော်လှန်ရေးကိုယ်ရံတော်တပ်ဖွဲ့ဒုတိယတပ်မှုး မှတနင်္ဂနွေနေ့ကပြောကြားခဲ့သည်။

နိုဝင်ဘာလ ၂၇ ရက်နေ့က မိုဆန် ဖာခရိဇာဒယ် (Mohsen Fakhrizadeh) သည်ကိုယ်ရံတော် ၁၁ ဦးနှင့်အတူ အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ပြင်ရှိ အဝေးပြေးကားလမ်းမပေါ်တွင်ကားမောင်းနှင်လာစဉ် ၎င်း၏မျက်နှာကိုချိန်ရွယ်ကာ စက်သေနတ်ဖြင့် ၁၃ ချက်ပစ်ခတ်ခံခဲ့ရသည်ဟု ရေတပ်ဗိုလ်ချုပ်ကြီး အလီဖာဒါဗီကပြောကြားခဲ့ သည်။

စက်သေနတ်ကိုနစ်ဆန်းပစ်ကပ်ကားတစ်စင်းပေါ်တွင်ဆင်ထားပြီး”ဖာခရိဇာဒယ် ၏မျက်နှာကိုသာချိန် ရွယ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ၂၅ စင်တီမီတာ (၁၀ လက်မ) အကွာတွင်သာရှိနေသော၎င်း၏ဇနီးကိုမူ ပစ်ခတ်ခဲ့ခြင်းမရှိ” ဟု အလီဖာဒါဗီ ၏ပြောကြားချက်ကိုကိုးကား၍ မီဟာ သတင်းဌာနမှဖော်ပြခဲ့သည်။

Photo - AFP

ပစ်မှတ်အားပစ်ခတ်ရန် စက်သေနတ်အားဂြိုလ်တုမှတစ်ဆင့်”အင်တာနက်ဖြင့်ထိန်းချုပ်”ထားပြီး”အဆင့်မြင့်ကင်မရာနှင့်ကွန်ပျုတာတွင်ထည့်သွင်းထားသောမှတ်ဉာဏ်တု”များကို အသုံးပြုပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု အလီဖာဒါဗီ ကပြောကြားခဲ့သည်။

အဆိုပါလုပ်ကြံမှုနှင့်ပတ်သက်၍အီရန်အာဏာပိုင်များကအစ္စရေးနှင့်ပြည်ပြေးဆန့်ကျင်ရေးအဖွဲ့ဖြစ်သည့် အီရန်ပြည်သူ့မူဂျာဟီဒင် (People’s Mujahedeen of Iran- MEK ) တို့ကိုအပြစ်တင်ခဲ့ကြသည်။

အီရန်နိုင်ငံပိုင်ရုပ်သံမှ အခင်းဖြစ်နေရာတွင်တွေ့ရှိရသောလက်နက်များမှာ “အစ္စရေးလုပ်”လက်နက်များ ဖြစ်သည်ဟုယခင်ကပြောကြားခဲ့သည်။

အီရန်ကာကွယ်ရေးဝန်ကြီးအမီရာ ဟတမီ မှ ဖာခရိဇာဒယ် သည်၎င်း၏လက်ထောက်နှင့် ဝန်ကြီးဌာန ၏ကာကွယ်ရေး၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုအဖွဲ့ (Defence and Research and Innovation Organization ) အကြီးအကဲဖြစ်ပြီး “နျူကလီးယားကာကွယ်ရေး”လုပ်ငန်းကိုအဓိကထား ပြုလုပ်နေသူ ဖြစ်ကြောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required