ဒီဇင်ဘာ ၇
အမေရိကန်ဆေးဝါးထုတ်ကုမ္ပဏီကြီး Pfizer Inc (ဖိုက်ဇာ) သည် ယင်း၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံတွင် အရေးပေါ် အသုံးပြုမှု ခွင့်ပြုချက် ရရန် လျှောက်ထားထားကြောင်း အိန္ဒိယအစိုးရ၏ အဆင့်မြင့်ကျန်းမာရေးအကြံပေးတစ်ဦးက ဒီဇင်ဘာ ၆ ရက် တီဗီ အင်တာဗျူးတစ်ခုတွင် ပြောသည်။
ယင်းသည် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ဒုတိယအများဆုံး ရှိနေသည့် နိုင်ငံတစ်နိုင်ငံတွင် ယင်းကဲ့သို့ ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့် ခွင့်ပြုချက် ရရန် ပထမဆုံး ကြိုးပမ်းမှုလည်း ဖြစ်သည်။
အမေရိကန်ကုမ္ပဏီသည် ယင်းကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်က အိန္ဒိယအာဏာပိုင်များထံ ချဉ်းကပ်ခဲ့ကြောင်း COVID-19 ကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရကို အကြံဉာဏ်များပေးနေသည့် ဗီကေ ပေါလ်က ပြောသည်။
Pfizer ၏ ကာကွယ်ဆေးသည် မကြာသေးမီက ဗြိတိန်တွင် အသုံးပြုရန် အတည်ပြုချက် ရရှိထားခဲ့ပြီးဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံမှာ အရေးပေါ် အသုံးပြုဖို့ ခွင့်ပြုချက် ရဖို့ ဖိုက်ဇာဆီက စိတ်ဝင်စားမှု ရှိတာကို ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ပေါလ်က NDTV ကို ပြောသည်။
အိန္ဒိယ၏ ဆေးဝါး စည်းမျဉ်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် ယင်းကဲ့သို့ လျှောက်ထားမှုမျိုးကို ဆုံးဖြတ်ရန် ပုံမှန်အားဖြင့် အချိန် ရက် ၉၀ ခန့်အထိ ယူပြီး လုပ်ဆောင်သော်လည်း ယခု Pfizer ၏ ကာကွယ်ဆေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်သည် ယင်းထက် အတော်အတန် ပိုမိုမြန်မြန်ဆန်ဆန် ထွက်ပေါ်လာနိုင်ကြောင်း ပေါလ်က ပြောသွားခဲ့သည်။
“ဒါကို ဆုံးဖြတ်ပါလိမ့်မယ်၊ ဒါကို အချိန်ဆွဲမနေဘဲ မြန်မြန် ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန် ပန်ကြားချက်ကို အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့ခြင်း မရှိပေ။