ရွေးကောက်ပွဲအလွန် ပထမဆုံး လူထုစည်းဝေးပွဲမှာ ထရမ့်က လက်လျှော့အရှုံးပေးဖို့ ရည်ရွယ်ချက် မရှိဟု ပြော 

ရွေးကောက်ပွဲအလွန် ပထမဆုံး လူထုစည်းဝေးပွဲမှာ ထရမ့်က လက်လျှော့အရှုံးပေးဖို့ ရည်ရွယ်ချက် မရှိဟု ပြော 
Photo - AFP

ဒီဇင်ဘာ ၆ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲကို ၎င်းဆီကနေ ခိုးယူသွားခဲ့တယ်ဆိုတဲ့ အထောက်အထားမဲ့ ပြောဆိုချက်တွေကို လက်လျှော့စွန့်လွှတ်ဖို့ ရည်ရွယ်ချက် မရှိသေးဘူးဆိုတာကို ယမန်နေ့ ဒီဇင်ဘာ ၅ ရက်မှာ ထပ်မံပြသသွားခဲ့ပါတယ်။ 

ထရမ့်ဟာ ရွေးကောက်ပွဲ အလွန် ပထမဆုံး လူထုစည်းဝေးပွဲတစ်ခုကို ယမန်နေ့က တက်ရောက်ခဲ့ရာမှာတော့ ၎င်းဟာ တစ်နည်းနည်းနဲ့ ရွေးကောက်ပွဲ နိုင်ဦးမှာ ဖြစ်တယ်လို့ တက်ရောက်လာသူတွေကို ပြောခဲ့ပါတယ်။ 

ဂျော်ဂျီယာပြည်နယ် Valdosta မြို့မှာ ကျင်းပတဲ့ အဆိုပါ လူထုစည်းဝေးပွဲမှာ ထရမ့်က ဒီမိုကရက် ဂျိုးဘိုင်ဒင် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲဟာ အကြံအဖန် လုပ်ထားတာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ထပ်မံပြုလုပ်သွားခဲ့ပါတယ်။ 

အဆိုပါ လူထုစည်းဝေးပွဲကတော့ ရွေးကောက်ပွဲ မဲအရေအတွက် တိုက်နေလို့ ထပ်မံ မဲပေးမှု နဲ့ ရင်ဆိုင်ရဖို့ ရှိနေတဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်နှစ်ဦးအတွက် ထောက်ခံကြောင်း ပြသတဲ့ စုဝေးပွဲတစ်ခု ဖြစ်ပြီး အဲဒီ စည်းဝေးပွဲကို ထရမ့်လည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။ 

နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေပေမယ့်လည်း အဆိုပါ လူထုစည်းဝေးပွဲကို တက်ရောက်လာတဲ့ လူအုပ်ထဲမှာ နှာခေါင်းစည်း တပ်ထားသူ နည်းပါးခဲ့ပြီး လူအများအပြားဟာလည်း လူခွာနေမှု စည်းမျဉ်းတွေကို မျက်ကွယ်ပြုခဲ့ကြပါတယ်။ 

နှစ်နာရီ နီးပါးကြာတဲ့ မိန့်ခွန်းထဲမှာ အသက် ၇၄ နှစ်ရှိ ထရမ့်က ၎င်းအနေနဲ့ အရှုံးကို ဝန်ခံစရာ အကြောင်းမရှိသေးကြောင်း ကြေညာသွားခဲ့ပါတယ်။ 

“ ဒီ ရွေးကောက်ပွဲက ကျုပ်တို့ နိုင်မှာပါ” လို့ ထရမ့်က တက်ရောက်လာသူတွေကို ပြောခဲ့ပါတယ်။ “ဒါက အကြံအဖန် လုပ်ထားခဲ့တာပါ၊ ဒါက တမင်လုပ်ထားတဲ့ သဘောတူညီချက်ပါ” လို့ ထရမ့်က ပြောခဲ့ပါတယ်။ 

ယခုလိုမျိုး ထရမ့်ရဲ့ ရပ်တည်ချက်သဘောထားကြောင့်လည်း လာမယ့် ဇန်နဝါရီ ၂၀ ရက် ဘိုင်ဒင် ကျမ်းကျိန်မယ့်နေ့ ရောက်ချိန်ကျရင် ထရမ့်ဘက်က ဘယ်လို တုံ့ပြန်သွားမလဲ ဆိုတာနဲ့ပတ်သက်လို့ မေးခွန်းတွေ ထွက်ပေါ်စေခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly