RCSS နှင့် SSPP သီပေါမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်

RCSS နှင့် SSPP သီပေါမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်

ဒီဇင်ဘာ 

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့ ရှမ်းပြည် နယ် (မြောက်ပိုင်း) သီပေါမြို့နယ်အတွင်းမှာ ယနေ့ (ဒီဇင်ဘာ ၅ ရက်)နံနက်ပိုင်းက ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ထံမှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ဖားလိုင်းတောင်၊ဖားလိုင်းရွာမြောက်ဖက်၊ လွယ်လမ်တောင် အနီးမှာ  ဒီဇင်ဘာ ၅ ရက်နေ့ နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲအထိ RCSS နှင့် SSPP တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။

နမ္မတူမြို့နယ်စစ်ဘေးရှောင်စခန်းတာဝန်ခံ စိုင်းဘဉာဏ်က “ သီပေါမြို့တောင်ဘက်၊ ဖားလိုင်းတောင်ရွာတယ်၊ အဲဘက်မှာ ဖြစ်ကြတယ်လို့ ကြားတယ်၊ ဒီနေ့ မနက် ၇ နာရီခွဲကနေ ၈ နာရီခွဲထိဖြစ်တယ်။ လူထုတော့ ဘာမှ မထိဘူး၊ အခုတော့ ပြန်ငြိမ်သွားပြီးလို့ ကြားတယ်”ဟု မဇ္ဈိမသို့ ပြောသည်။

နမ္မတူမြို့ဒေသခံ တစ်ဦးကလည်း မန်လီကျေးရွာ ၁၀ မိုင်အကွာ လွယ်လမ်တောင်အနား မန်ကျောင်းရွာဘက် မှာ RCSS နှင့် SSPP ကြား တိုက်ပွဲ ဖြစ်ပွားကြသည်မှာ မှန်ကန်ကြောင်း ပြောသည်။

ပုံ - SSPP မှ တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ပုံ-SSPP info)

နယ်စည်းမခြားပရဟိတအဖွဲ့(သီပေါ)မှ ကိုမျိုးက “ နမ္မတူဘက်မှာ ကြားတယ်၊ မန်လီရွာ အရှေ့ဘက်မှာ လို့ ကြားတယ်၊ မနက်ပိုင်းက ဖြစ်တာဗျ။ သီပေါဘက်မှာတော့ မကြားမိဘူး၊ ကျွန်တော်လည်း သေသေချာချာ တော့ အသေးစိတ် ဘာမှ မသိရသေးဘူး၊ ဖြစ်တယ်ပဲ အဲလိုကြားတယ်”ဟု ပြောသည်။

RCSS/SSA ကတော့ မိမိတို့ တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နယ်မြေရှင်းလင်း ရေး ပြုလုပ်စဉ် SSPP/SSA တပ်ဖွဲ့ တပ်မဟာ(၉၉၉)လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြင့် တွေ့ကာ ပစ်ခတ် တိုက်ခိုက်မှု နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲထိ ဖြစ်ပွားခဲ့ကြောင်း RCSS ပိုင် Tai Freedom မှာ ရှမ်းဘာသာ စကားဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ရေးသား ဖော်ပြထားသည်။

အလားတူ သီပေါမြို့နယ်၊ ဖားလိုင်းတောင်၊ ဖားလိုင်းရွာမြောက်ဘက် လွယ်လမ်တောင်အနီးမှာ RCSS/SSA တပ်ဖွဲ့ဝင်များဖြင့် တွေ့ဆုံကာ ပစ်ခတ်တိုက်ခိုက်မှု နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲထိ ဖြစ်ပွားခဲ့ကြောင်း ဒီဇင်ဘာ ၅ ရက်က SSPP info မှာ ရေးသား ဖော်ပြထားသည်။

အဆိုပါ ထိတွေ့ ပစ်ခတ် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး SSPP/SSA အပြင် RCSS/SSA မှ တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိကြပေ။

ပုံ- RCSS တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံ-Tai Freedom)

RCSS/SSA နှင့် SSPP/SSA တို့သည်  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ၊ နမ္မတူ၊ သီပေါမြို့နယ်အတွင်း မှာ နယ်မြေ အငြင်းပွားမှုများ ရှိနေပြီး နယ်မြေ အငြင်းပွားရာမှ၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်၍ ၂၀၁၉ ခုနှစ် မတ်လအထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာခဲ့ပြီး တိုက်ပွဲရှောင် ထောင်နှင့်ချီ ထွက်ပြေးခဲ့ရမှုများ ရှိသည်။

အဆိုပါ တိုက်ပွဲများကြောင့် ပြည်သူ လူထု ထိခိုက် နစ်နာခဲ့ရသည်များကို ထောက်ရှု၍ RCSS အနေ ဖြင့် SSPP နှင့် ဖြစ်ပွားနေသော တိုက်ပွဲများကို မိမိကိုယ်ကို ခုခံ ကာကွယ်ခြင်းမှအပ ၂၀၁၉ ခုနှစ်၊ မတ် ၂၀ ရက်မှ စတင်ပြီး အပစ်အခတ် ရပ်စဲသည်ဟု မတ်၂၁ ရက်က ထုတ်ပြန်ထားသည်။

RCSS/SSA သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) အပါအဝင် ပမာဏာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(Bilateral)များကို ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင် ဖြစသည်။ 

SSPP/SSA သည် Bilateral စာချုပ်များ လက်မှတ်ရေးထိုးထားသော်လည်း NCA စာချုပ် မထိုးရသေးသည့် အတွက် NCA ထိုးနိုင်ရေး အစိုးရနှင့် ညှိနှိုင်းဆွေးနွေးနေသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly