ကာကွယ်ဆေးရခြင်းဟာ  COVID-19 ရောဂါ ပြီးဆုံးသွားတာမဟုတ်ဘူးလို့ WHO သတိပေး 

ကာကွယ်ဆေးရခြင်းဟာ  COVID-19 ရောဂါ ပြီးဆုံးသွားတာမဟုတ်ဘူးလို့ WHO သတိပေး 

ဒီဇင်ဘာ ၅  

COVID-19 ကာကွယ်ဆေးရရှိတာနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အမြစ်ပြတ်သုတ်သင်နိုင်မှာမဟုတ်ကြောင်းနဲ့ ကပ်ရောဂါပြီးသွားပြီဆိုတဲ့ သဘောထား ကြီးထွားလာတဲ့အပေါ်  စိုးရိမ်မိတယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အာဒါနွမ် ဂီဘရီယေးဆက်စ် က ‌သောကြာနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရတော့မှာမို့ ကပ်ရောဂါကြီးပြီးသွားပြီဆိုတဲ့ မှားယွင်းတဲ့ယုံကြည်ချက်တွေနဲ့ ကျေနပ်အားရနေတဲ့အပေါ်  WHO က ခုလို သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။ 

ကာကွယ်ဆေးရရှိတာနဲ့ ကာကွယ်ဆေးထိုးခြင်းတို့ဟာ အခုအချိန်မှာ စွမ်းအားအထက်ဆုံးလက်နက်တွေဖြစ်ပေမယ့် သူတို့ကိုယ်တိုင်တော့ လိုချင်တဲ့ရလဒ်ကို မစွမ်းဆောင်နိုင်ဘူးလို့လည်း WHO ရဲ့ အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အမှုဆောင်ဒါရိုက်တာ Michael Ryan က အွန်လိုင်းသတင်းစာရှင်းလင်းပွဲကနေ့တစ်ဆင့် ပြောလိုက်ပါတယ်။  

ဗြိတိန်ဟာ Pfizer/ BioNTech က ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးတဲ့ ပထမဆုံးအနောက်နိုင်ငံဖြစ်လာခဲ့ပြီး တခြားနိုင်ငံတွေကိုလည်း ကာကွယ်ဆေးအသုံးပြုကြဖို့ တိုက်တွန်းဆော်ဩခဲ့ပါတယ်။   

ကာကွယ်ဆေးအလားအလာတိုးတက်မှုတွေကြောင့် ပျော်ရွှင်ရပြီး မျှော်လင့်ချက်အလင်းရောင်ရခဲ့တယ်လို့လည်း တက်ဒရော့စ်က ပြောပါတယ်။  

ဆေးရုံတွေ၊ အထူးကြပ်မတ်ဆောင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖိအားများနေပြီး ဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေတာကို  နေရာအများအပြားမှာ မြင်တွေ့နေရတယ်လို့ တက်ဒရော့စ်က ပြောပါတယ်။  

သောကြာနေ့ထိစာရင်းအရ တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၅ သန်းကျော်သွားပြီဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း အနည်းဆုံး လူ ၁.၅ သန်းထက်မနည်းသေဆုံးခဲ့ပြီဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly