ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ပြင်ဆင်

ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ပြင်ဆင်
Photo - AFP

ဒီဇင်ဘာ ၄ ရက်

COVID-19  ရောဂါကူးစက်မှုကြောင့် ရပ်နားထားရသည့် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ပြင်ဆင်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

“နိုင်ငံတကာတွေမှာလည်း အားလုံးပြည်တွင်းခရီးသွားလုပ်ငန်းနဲ့ပြန်စမယ်ဆိုပြီး စနေကြတယ်လေ။ ဘာပဲ ပြောပြော နိုင်ငံတကာလေကြောင်းလိုင်းတွေ မဆင်းလာသေးဘူး။ နောက်တစ်ခုက ကိုယ့်နိုင်ငံကနေလည်း သူများဆီသွားလို့မရသလို သူများနိုင်ငံကနေလည်း ကိုယ့်ဆီလာလို့မရတဲ့အတွက်ကြောင့်မို့လို့ ကိုယ့်နိုင်ငံ အတွင်းမှာပဲ ပြည်တွင်းခရီးစဉ် စီစဉ်တာဖြစ်တယ်။ သူများနိုင်ငံတွေမှာလည်း စနေကြပါပြီ ။သူတို့လည်း အဲ့လို ပါပဲ။ အန်တီတို့ဆီမှာ နိုင်ငံတကာလေကြောင်းလိုင်းက ဒီဇင်ဘာ ၃၁အထိပိတ်ထားတာဆိုတော့ ပြည်တွင်း ခရီးသွားကိုပဲ ဦးစားပေးပြီးတော့ လုပ်ဆောင်ဖို့အနေအထားရှိတယ်။ သို့ရာတွင်လည်း စံသတ်မှတ်ချက်ပေါ့နော်။ လူစုလူဝေးနဲ့သွားလို့တော့မရဘူး ။လူကြဲကြဲနဲ့ပေါ့ ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းမှ ပြောသည်။

ခရီးသွားလုပ်ငန်းများပြန်လည်စတင်နိုင်ရေးအတွက် ကနဦကြိုးပမ်းမှုအဖြစ် အပျော်စီးလေယာဉ်ခရီးစဉ်ကို ဒီဇင်ဘာလ ဆန်းတွင်လည်းကောင်း၊ မြစ်တွင်းသွားသင်္ဘောခရီးစဉ်ကို ဒီဇင်ဘာလ ဒုတိယအပတ်တွင် လည်းကောင်း၊ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါ ခရီးသွားခရီးစဉ်ကို ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်လည်း ကောင်း   စီစဉ်သွားရန်လျာထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုခရီးစဉ်များအား စီစဉ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့မှ သတ်မှတ်ထားသော စံသတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်သွားရန် ထုတ်ပြန်ကြေညာ ထားသည်။

“လေယာဉ်ကတော့ စင်းလုံးငှား လေယာဉ်ငှားမယ်ပေါ့။ ပြီးလို့ရှိရင် ငွေဆောင် ချောင်းသာဘက် လေယာဉ် ပေါ်ကနေကြည့်ပြီးတော့ ပြန်လာမယ်။ ၁နာရီ လေယာဉ်ခရီးစဉ်ပေါ့။  အဲ့ဒါကတော့ စင်းလုံးငှား လေယာဉ် ဈေးနှုန်းတွေမရသေးတော့ အဲ့ဒါလေးတော့ ပြင်ဆင်နေတယ်။ ဒုတိယမြစ်တွင်းသင်္ဘောခရီးစဉ်က ရေကြောင်းပို့ဆောင်ရေးကနေပြီးတော့ အန်တီတို့သင်္ဘောငှားတယ်။ ခရီးသွားလုပ်ငန်းရှင်များအသင်းကတော့ ခရီးစဉ်တွေ ဘာတွေ စီစဉ်ပေးမှာပေါ့။ တတိယအပိုင်းကတော့ မော်တော်ကားတန်းနဲ့ပေါ့။ ဥပမာ ငွေဆောင်၊ ချောင်းသာများဖွင့်ခဲ့သည်ရှိသော်ပေါ့။ ဒါတွေအားလုံးက စီစဉ်တဲ့အပိုင်းပဲရှိသေးတာပေါ့။ ဘာလို့ဆို တစ်မြို့နဲ့တစ်မြို့တောင် သွားလို့လာလို့မရသေးတာလေ”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောသည်။

ယင်းခရီးသွားကဏ္ဍမှ မြစ်တွင်းသွားသင်္ဘောခရီးစဉ်အား ဦးစွာစတင်နိုင်မည်ဖြစ်ပြီး မည်သည့်ရက်တွင်စတင် မည် ကို မသိရသေးကြောင်း ၎င်းကဆက်လက်ပြောသည်။

ယခုကဲ့သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြည်တွင်းခရီးသွားလုပ်ငန်းများအား ပြန်လည်စတင်နိုင် ရန်လုပ် ဆောင်ပေးခြင်းအား ကြိုဆိုကြောင်း ခရီးသွားလုပ်ငန်းရှင်များအသင်း Promotion and Marketing Sub Committee မှ ဒေါ်ကေသွယ်အောင်က ဆိုသည်။

“အမတို့ကတော့ စချင်နေတာကြာပါပြီ အကုန်လုံးပေါ့။ ထိုင်နေရတာလည်း လတွေအများကြီးကြာပြီ တစ်နှစ်လုံးပေါ့။ စစေချင်တယ်။ စစေချင်လို့လည်း နည်းလမ်းပေါင်းစုံနဲ့ အကြံပြုတယ်။ အမတို့ဘက်ကတော့ Welcome ပါ။ ဒါပေမယ့်လို့ အမိန့်ထုတ်လိုက်တဲ့အခါမှာ တကယ်လုပ်လို့ရတဲ့ တကယ့်လက်တွေ့မှာလုပ်နိုင်တဲ့ အနေအထားရှိတဲ့ အမိန့်မျိုးဖြစ်ဖို့မျှော်လင့်ပါတယ်” ဟု ခရီးသွားလုပ်ငန်းရှင်များအသင်း Promotion and Marketing Sub Committee မှ ဒေါ်ကေသွယ်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများကို COVID-19 စတင်ဖြစ်ပွားသည့် ကာလဖြစ်သော မတ်လနောက်ပိုင်းမှစတင်ကာ  ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ရပ်ဆိုင်းထားဆဲဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required