ဒီဇင်ဘာ ၄
လူမှုမီဒီယာ ဖေ့ဘုတ်သည် အမေရိကန်အလုပ်သမားများအပေါ် ခွဲခြားဆက်ဆံနေသည်ဟု အမေရိကန် တရားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် စွပ်စွဲပြောဆိုသည်။
ဖေ့ဘုတ်အား တရားစွဲဆိုမှုတွင် ယင်း ကုမ္ပဏီသည် H-1B ဗီဇာကိုင်ဆောင်သူများ အပါအဝင် ယာယီအလုပ်သမားများကို ဦးစားပေးခန့်အပ်နေသည်ဟု ပြောဆိုထားသည်။
တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၅၆၀၀၀ ပျှမ်းမျှရရှိသော အလုပ်နေရာခန့်အပ်မှု ၂၆၀၀ ကျော်ထက်မနည်းတွင် အရည်အချင်းမီ အမေရိကန်အလုပ်သမားများကို ငှားရမ်းခန့်အပ်ရန် ဖေ့ဘုတ်က စဉ်းစားခြင်း မရှိကြောင်း တရားရေးဌာနက ပြောဆိုသည်။
ယင်းအစား ထို ရာထူးနေရာများအတွက် H-1B ဗီဇာအပါအဝင် ယာယီဗီဇာကိုင်ဆောင်သူများကိုသာ ငှားရမ်းခန့်အပ်နေသည်ဟု ဆိုထားသည်။
“ဖေ့ဘုတ်ကုမ္ပဏီသည် မျှတသော ရွေးချယ်မှု မရှိဘဲ အရည်အချင်းမီ အမေရိကန်အလုပ်သမားများကို ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်နေကြောင်း။” ယင်း ဝန်ကြီးဌာန၏ စွဲဆိုချက်တွင် ဖော်ပြထားသည်။
လူမှုမီဒီယာ ဖေ့ဘုတ်သည် green cards ကိုင်ဆောင်သူများ၊ အမြဲတမ်းနေထိုင်ခွင့်ရသူများကိုသာ ပို၍ လိုလားစွာ အလုပ်နေရာခန့်အပ်နေသည်ဟုလည်း ဆိုသည်။
ဖေ့ဘုတ်၏ ပြောခွင့်ရသူ ဒန်နီရောဘတ်က “ကုမ္ပဏီဟာ အခုလို စွဲဆိုခံရတာမှာ တရားရေးဝန်ကြီးဌာနနဲ့ ပြောဆိုဆွေးနွေးနေပါတယ်။ ဒီ စွပ်စွဲချက်တွေကိုလည်း ကျွန်တော်တို့ ငြင်းပယ်ပါတယ်။ တရားဆိုင်နေရဆဲမို့ ဒီထက်ပို ပြောစရာ မရှိပါ။”ဟု ပြောခဲ့သည်။
H-1B ဗီဇာသည် ကျွမ်းကျင်အဆင့် ပြည်ပဝန်ထမ်းများကို အမေရိကန်တွင် နည်းပညာကုမ္ပဏီများက ငှားရမ်းနိုင်ခွင့်ရှိသော ဗီဇာကိုင်ဆောင်သူများ ဖြစ်သည်။ သို့ရာတွင် ယင်း ဗီဇာဥပဒေက လျော့လျော့ရဲရဲနိုင်ပြီး အမေရိကန်အလုပ်သမားများနေရာတွင် ဈေးချိုသော ပြည်ပအလုပ်သမားများကို အလွယ်တကူ အစားထိုး ငှားရမ်းနိုင်အောင် ခွင့်ပြုပေးထားသည့် ဗီဇာဥပဒေပဲဖြစ်သည်ဟု ဝေဖန်သူများက ပြောကြသည်။