နော်ဝေနှင့် တရုတ် ဓားစာခံနှစ်ဦးကို သတ်ဖြတ်ပစ်လိုက်ပြီဖြစ်ကြောင်း အိုင်အက်စ်အကြမ်းဖက်အုပ်စု ကြေညာ

နော်ဝေနှင့် တရုတ် ဓားစာခံနှစ်ဦးကို သတ်ဖြတ်ပစ်လိုက်ပြီဖြစ်ကြောင်း အိုင်အက်စ်အကြမ်းဖက်အုပ်စု ကြေညာ

အော့စလို၊ နိုဝင်ဘာ-၁၉ ။             ။ အိုင်အက်စ်အကြမ်းဖက်အုပ်စုက နော်ဝေနှင့် တရုတ်ဓားစာခံနှစ်ဦးကို သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်း၏ နောက်ဆုံးထုတ် အင်္ဂလိပ်ဘာသာမဂ္ဂဇင်းတွင် ‘ကွက်မျက်’ဟူသော နဖူးစည်းစာတန်းအောက်တွင် ဓားစာခံနှစ်ဦးဟု ယူဆရသည့် ရုပ်အလောင်းပုံများကို ဖော်ပြထားသည်ဟု ဆိုသည်။

သို့ရာတွင် ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့သည့် အိုင်အက်စ်တို့၏ ဒါဗစ် အွန်လိုင်းမဂ္ဂဇင်းတွင်မူ ဓားစာခံနှစ်ဦးကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သို့ သတ်ဖြတ်ခဲ့သည်ကိုမူ အသေးစိတ်ဖော်ပြ ထားခြင်းမရှိပေ။

နော်ေ၀၀န်ကြီးချုပ် အာနာ ဆိုးလ်ဘာ့က အောစလို သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာတွင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အိုး ဂျိုဟန် ဂရင်စဂါ့ အော့်ဖ်စတတ်ဟု အမည်ရသည့် နော်ဝေနိုင်ငံသား အမျိုးသားမှာ အသတ်ခံရပြီးဖြစ်နိုင်သည်ဟု ဆိုသည်။

စက်တင်ဘာလက ဆိုးလ်ဘာ့က နော်ဝေနိုင်ငံသားတစ်ယောက်မှာ ဆီးရီးယားတွင် ဇန်နဝါရီလကတည်းက ဓားစာခံအဖြစ် ဖမ်းဆီးခံနေရပြီး အိုင်အက်စ်အကြမ်းဖက်သမားများ၏ လက်ထဲတွင် ရှိနေနိုင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဟောင်လီကလည်း တရုတ်နိုင်ငံသားကို ကွက်မျက်မှုသတင်းကြောင့် ပေကျင်းမှာ ထိတ်လန့်တုန်လှုပ်ခဲ့ရပြီး အတည်ပြုနိုင်ရန် ကြိုးစားနေသည်ဟု ဆိုသည်။

ဝန်ကြီးဌာနဝဘ်ဆိုက်ပေါ် လွှင့်တင်လာသည့် ကြေညာချက်တွင်မူ ဓားစာခံလွတ်မြောက်ရေး အစိုးရက ကြိုးစားနေခဲ့သည်ဟု ဆိုသည်။ စက်တင်ဘာလတွင်ပင် တရုတ်အစိုးရက သူ့နိုင်ငံသားတစ်ယောက်မှာ အိုင်အက်စ်တို့၏ လက်တွင်းသို့ ဓားစာခံအဖြစ် ကျရောက်သွားခဲ့ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly