ရုရှား၌ COVID-19 ကာကွယ်ဆေး လူအမြောက်အမြားကို ထိုးနှံမှု ရှေ့အပတ်ထဲ စတင်ရန် ပူတင် ညွန်ကြား

ရုရှား၌ COVID-19 ကာကွယ်ဆေး လူအမြောက်အမြားကို ထိုးနှံမှု ရှေ့အပတ်ထဲ စတင်ရန် ပူတင် ညွန်ကြား

ဒီဇင်ဘာ ၃

ရုရှားနိုင်ငံတ၀န်း လူအမြောက်အမြား မိမိသဘောဆန္ဒအလျောက် ပါဝင်မည့် COVID-19 ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်ကို လာမည့်အပတ်တွင် စတင်ရန် သမ္မတ ဗလာဒီမာ ပူတင်က ညွန်ကြားလိုက်သည်။

နိုင်ငံ၏ Sputnik V ကာကွယ်ဆေးကို ထိုးနှံမှုခံယူရာတွင် ဆရာ၊ ဆရာမများနှင့် ဆရာဝန်များက ပထမဦးစားပေး ဖြစ်သင့်ကြောင်း ပူတင်က ပြောသည်။

ပူတင်သည် ဒီဇင်ဘာ ၂ ရက်က ၀န်ကြီးများနှင့် တွေ့ဆုံသည့် အွန်လိုင်းအစည်းအဝေးတစ်ခုတွင် အဆိုပါ အမိန့်ညွန်ကြားချက်ကို ထုတ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် စတုတ္ထမြောက် အများဆုံးရှိသည့် နိုင်ငံ ဖြစ်သည့် ရုရှားသည် ယင်းနေ့၌ COVID-19 ကြောင့် တစ်နေ့တာအတွင်း သေဆုံးသူအသစ် ၅၈၉ ဦး ရှိခဲ့သည်။

ရုရှားနိုင်ငံသည် လာမည့် ရက်အနည်းငယ်အတွင်း ကာကွယ်ဆေး တစ်ခါသုံးဆေးပမာဏပေါင်း နှစ်သန်း ထုတ်လုပ်ထားပြီး ဖြစ်လိမ့်မည်ဖြစ်ကြောင်း ပူတင်က ပြောခဲ့သည်။

လက်တွေ့စမ်းသပ်ချက်များ မပြည့်စုံသေးသော်ငြား Sputnik V ဆေးသည် လက်ရှိအချိန်တွင် ပြည်တွင်း၌ သက်ဆိုင်ရာ ဆေးဝါးစည်းမျဉ်းဆိုင်ရာ အတည်ပြုချက် ရရှိထားပြီးဖြစ်သည့် ရုရှားထုတ် ကာကွယ်ဆေး နှစ်မျိုးအနက် တစ်မျိုး ဖြစ်သည်။

ယင်း Sputnik V ကာကွယ်ဆေးသည် နှစ်ကြိမ် ထိုးနှံရန် လိုအပ်သည်။ တတိယမြောက် ကာကွယ်ဆေးတစ်မျိုးကိုလည်း ထုတ်လုပ်လျက် ရှိသည်။

ကြားကာလ ရလဒ်များအရ Sputnik V ကာကွယ်ဆေးသည် လူများကို COVID-19 မှ ကာကွယ်ရာတွင် ၉၂ ရာခိုင်နှုန်း ထိရောက်မှု ရှိကြောင်း ရုရှားက ပြီးခဲ့သည့် လထဲတွင် ပြောထားသည်။

“ဒါနဲ့ပတ်သက်လို့ သဘောတူကြပါစို့၊ ခင်ဗျား လာမယ့်အပတ်ကျရင် ကျွန်တော့်ကို အစီရင်ခံစရာ မလိုပါဘူး၊ ဒါပေမယ့် ခင်ဗျား ကာကွယ်ဆေးထိုးမှု အစီအစဉ်ကို စလုပ်သွားရပါလိမ့်မယ်၊ ဒါကို ခုပဲ လုပ်ကြပါစို့” ဟု ပူတင်က ဒုဝန်ကြီးချုပ် တာတီယာနာ ဂိုလီကိုဗာကို ပြောခဲ့သည်။

“ခင်ဗျားအနေနဲ့ အင်မတန် သတိရှိတဲ့ စကားအသုံးအနှုန်း သုံးနေတယ်ဆိုတာ ကျွန်တော် သဘောပေါက်တယ်၊ ကျွန်တော်တို့ သတိရှိရမယ်ဆိုတာ လုံးဝ မှန်ပါတယ်၊ ဒါပေမယ့် ကျွန်တော် အဲဒီလုပ်ငန်းအကြောင်း သိတယ်၊ ကျန်းမာရေး ကွန်ရက်က ယေဘုယျအားဖြင့် အဆင်သင့်ဖြစ်နေပြီ၊ ဒီတော့ ဒီ ပထမ ခြေလှမ်းကို စလှမ်းကြရအောင်” ဟု ပူတင် က ပြောသွားခဲ့သည်။

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂,၃၄၇,၄၀၁ ဦး ရှိနေပြီး ယင်းက ကမ္ဘာပေါ်တွင် အမေရိကန်၊ အိန္ဒိယနှင့် ဘရာဇီးပြီးလျင် စတုတ္ထမြောက် ကူးစက်သူ အများဆုံး ရှိသည့် နိုင်ငံ ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly