အိုင်အက်စ်ဗွီဒီယိုတွင် နယူးယောက်မြို့ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထား

အိုင်အက်စ်ဗွီဒီယိုတွင် နယူးယောက်မြို့ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထား

နယူးယောက်၊ နိုဝင်ဘာ-၁၉ ။              ။ နိုဝင်ဘာလ ၁၈ရက်နေ့က အင်တာနက်လိုင်းတင်လာခဲ့သည့် အိုင်အက်စ်ဗွီဒီယိုတစ်ခုတွင် နယူးယောက်မြို့တော်ကို မကြာမီတိုက်ခိုက်တော့မည်ဖြစ်ကြောင်း သတိပေးထားသည်ဟု ဆိုသည်။

အဆိုပါဗွီဒီယိုထဲတွင် တိုင်းမ်ရင်ပြင်တစ်နေရာကို ရိုက်ပြထားပြီး ပေါက်ကွဲပစ္စည်းများနှင့်အတူ ဗုံးခွဲသမားတစ်ယောက်က အသေခံဗုံးခွဲခါးပတ်ပေါ် ဂျက်အက်အင်္ကျ ီကို ဇစ်ဆွဲဝတ်ဆင်နေပုံကိုလည်း   ပြထားသည်ဟု ဆိုသည်။

နယူးယောက်မြို့တော် ရဲဌာနက ဗွီဒီယိုအကြောင်းကို သိရှိကြောင်းနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့များကို ထပ်တိုးချထားပြီး အစစအရာရာ သတိထားကြရန်လည်း တပ်လှန့်နှိုးဆော်ထားကြောင်း   ပြောကြားခဲ့သစည်။

‘ဒီဗွီဒီယိုတွေက အသစ်အဆန်းတော့မဟုတ်ပေမယ့် နယူးယောက်မြို့တော်ဟာ အကြမ်းဖက်သမားတွေရဲ့ ထိပ်တန်းပစ်မှတ်တစ်ခုအဖြစ် ရှိနေဆဲဆိုတာကို သေချာခိုင်မာသွားစေခဲ့ပါတယ်’’ဟု ရဲဌာနက ကြေညာချက်တွင် ပြောကြားခဲ့သည်။

‘အခုအချိန်အထိ မြို့တော်ကို တိကျသေချာတဲ့ အန္တရာယ်မရှိသေးပေမယ့်လည်း နှိုးကြားသတိနဲ့ နေကြရမှာဖြစ်ပြီး အက်ဖ်ဘီအိုင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းတပ်ဖွဲ့နဲ့   ထောက်လှမ်းရေး အသိုင်းအဝိုင်း  တစ်ခုလုံးနဲ့ ပူးပေါင်းအလုပ်လုပ်ပြီး နယူးယောက်မြို့တော်ကို လုံခြုံဘေးကင်းအောင် ထိန်းသိမ်းထားမှာပါ’’ဟု အဆိုပါကြေညာချက်တွင် ပြောကြားထားသည်။

နယူးယောက်မြို့တော်ဝန် ဘီ ဒီ ဘလာရှိုးကလည်း ဗွီဒီယိုထဲမှာ ပြထားတဲ့နေရာတွေနဲ့ မြို့တော်တစ်ခုလုံးမှာ ရဲတွေက လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေအားလုံး လုပ်ဆောင်နေပါတယ်’’ဟု   ပြောကြားခဲ့သည်။     

 ‘အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်က အကြောက်တရားကို ကြီးထွားလာစေဖို့ဆိုပေမယ့်လည်း နယူးယောက်မြို့တော်ကတော့ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး’’ဟုလည်း ၎င်းက   ပြောကြားခဲ့သည်။

ဧပြီလကလည်း အလားတူဗွီဒီယိုကို ထုတ်လွှင့်ခဲ့ဖူးသည်ဟု နယူးယောက်ရဲဌာန၏ ထောက်လှမ်းရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဒုကော်မရှင်နာ ဂျွန်မီလာက ပြောကြားခဲ့သည်။

‘ဒါက ဗွီဒီယိုအဟောင်းကိုပဲ ပြန်လည်ထုတ်လွှင့်တာပါ။ အိုင်အက်စ်၊ အယ်လ်ခိုင်ဒါနဲ့ အကြမ်းဖက်အုပ်စုတွေ လုပ်လေ့ရှိတဲ့နည်းပါပဲ။ ဒါက ဝါဒဖြန့်နည်းတစ်မျိုးပါပဲ’’ဟု ၎င်းက ပြောကြားသည်။

စီအင်အင်၏ အကြမ်းဖက်မှုသရုပ်ခွဲပညာရှင် ပေါ ခရစ်ရှန့်ကမူ ယုံကြည်နိုင်လောက်သည့် ခြိမ်းခြောက်မှု ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အာဏာပိုင်များအနေဖြင့် ဗွီဒီယိုကို လျစ်လျူရှုမထား သင့်ကြောင်း ပြောကြားခဲ့သည်။

‘အိုင်အက်စ်ဟာ သမိုင်းတစ်လျှောက်မှာ အချမ်းသာဆုံး အကြမ်းဖက်အုပ်စုဖြစ်တော့ ဒီဗွီဒီယိုကို အလေးအနက်ထားသင့်တယ်လို့ ကျနော်ထင်တယ်။ အိုင်အက်စ်မှာ အနောက်နိုင်ငံသားတွေ သာမန်မဟုတ်တဲ့ အရေအတွက်အထိ ပါဝင်နေတယ်။ သူတို့ရဲ့ အကြီးမားဆုံးရည်ရွယ်ချက်က အမေရိကန်ပြည်ထောင်စုအတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဖို့ပဲ’’ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly