ဖိုက်ဇာရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လာမယ့်အပတ်ကနေစပြီး အသုံးပြုဖို့ ယူကေ အတည်ပြု 

ဖိုက်ဇာရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လာမယ့်အပတ်ကနေစပြီး အသုံးပြုဖို့ ယူကေ အတည်ပြု 
Photo - AFP

ဒီဇင်ဘာ ၂ 

ဗြိတိန်နိုင်ငံဟာ COVID-19 ကာကွယ်ဆေးတစ်မျိုးကို လူအများ အသုံးပြုမှုအတွက် အတည်ပြုချက် ပေးတဲ့ ပထမဆုံး အနောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ 

လာမယ့်အပတ်ကနေစလို့ ဖိုက်ဇာ (Pfizer) နဲ့ ဘိုင်ရွန်တက် (BioNTech) တို့ရဲ့ ကာကွယ်ဆေးကို လူအများ အသုံးပြုလို့ရအောင် စတင် မိတ်ဆက်ဖြန့်ကြက်ပေးသွားတော့မှာဖြစ်တယ်လို့ ဗြိတိန်က ဒီဇင်ဘာ ၂ ရက်မှာ ကြေညာလာခဲ့တာ ဖြစ်ပါတယ်။ 

“ဖိုက်ဇာနဲ့ ဘိုင်ရွန်တက်ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး အသုံးပြုဖို့အတွက် အတည်ပြုချက်ပေးဖို့ ဗြိတိန် ဆေးပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန် စည်းမျဉ်းထိန်းသိမ်းရေး အေဂျင်စီ (အမ်အိတ်ရှ်အာရ်အေ) ရဲ့ ထောက်ခံချက်ကို အစိုးရက ဒီကနေ့မှာပဲ လက်ခံခဲ့ပါပြီ” လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

“ကာကွယ်ဆေးကို လာမယ့်အပတ်ကနေစလို့ ယူကေတစ်ဝန်းမှာ သုံးလို့ ရနိုင်တော့မှာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ကာကွယ်ဆေးကို ဦးစားပေးထိုးနှံပေးသွားမယ့် အုပ်စုတွေထဲမှာတော့ သက်ကြီးစောင့်ရှောက်ရေးဂေဟာတွေမှာ နေထိုင်သူတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဆေးပညာရှုထောင့်အရ အားနည်းချက် ရှိသူတွေ ပါဝင်မှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

“လတွေနဲ့ချီ အသေးစိတ်ကျတဲ့ လက်တွေ့စမ်းသပ်မှုတွေ၊ ဒေတာအချက်အလက် အကဲဖြတ်မှုတွေ လုပ်ခဲ့ပြီးတဲ့အခါမှာတော့ ဒီ ကာကွယ်ဆေးဟာ ဘေးကင်းမှု၊ အရည်အသွေးပြည့်မှု၊ ထိရောက်မှု စံနှုန်းတွေနဲ့ ကိုက်ညီတယ်လို့ အမ်အိတ်ရှ်အာရ်အေက ကောက်ချက်ချခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ 

ခုလိုမျိုး ယူကေမှာ အတည်ပြုချက် ထုတ်ပေးလိုက်တာက ကိုဗစ်-၁၉ ကို တိုက်ဖျက်မှုမှာ သမိုင်းဝင် အခိုက်အတန့်တစ်ခုဖြစ်တယ်လို့ ဖိုက်ဇာကုမ္ပဏီရဲ့ ဥက္ကဌ အယ်လ်ဘာ့တ် ဘိုလာက ပြောပါတယ်။ 

ဒါ့အပြင် လာမယ့် ရက်တွေ၊ သီတင်းပတ်တွေမှာလည်း အခြားနိုင်ငံတွေဆီကနေ နောက်ထပ် စည်းမျဉ်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ ထွက်လာမယ်လို့ မျှော်လင့်တယ်လို့ ဖိုက်ဇာနဲ့ ဘိုင်ရွန်တက်တို့က ထုတ်ပြန်သွားပါတယ်။ 

အင်္ဂလန်မှာ လနဲ့ချီ ကြာတဲ့ ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်းတစ်ရပ်က ထွက်ခွာခဲ့ချိန်မှာပဲ ခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly