အင်ဒိုနီးရှားမှာ မီးတောင် ပေါက်ကွဲမှုဖြစ်လို့ လူထောင်နဲ့ချီ ထွက်ပြေးခဲ့ကြရ

အင်ဒိုနီးရှားမှာ မီးတောင် ပေါက်ကွဲမှုဖြစ်လို့ လူထောင်နဲ့ချီ ထွက်ပြေးခဲ့ကြရ

ဒီဇင်ဘာ ၁

အင်ဒိုနီးရှားနိုင်ငံမှာ နှစ်အနည်းငယ်ကြာအတွင်း ပထမဆုံးအကြိမ်အဖြစ် မီးတောင်တစ်ခု ရုတ်တရက် လှုပ်ရှား ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် အဆိုပါ မီးတောင်အနီးပတ်ဝန်းကျင်ကနေ လူထောင်နဲ့ချီတို့ ထွက်ပြေးခဲ့ကြရပြီး ယင်း မီးတောင်ကနေ ကြီးမားလှတဲ့ မီးခိုးလုံးတွေနဲ့ ပြာမှုန်တွေ မှုတ်ထုတ်လျက်ရှိတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက နိုဝင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။

အိုင်လီ လီဝိုတိုလော့ခ် မီးတောင် နိုဝင်ဘာ ၂၉ ရက်မှာ စတင် ပေါက်ကွဲခဲ့ချိန်မှာပဲ ဒေသခံ ၄,၄၀၀ ကျော်တို့ ဘေးလွတ်ရာ ပြောင်းရွှေ့မှုတွေကို လုပ်ခဲ့ရတာဖြစ်ပါတယ်။  မီးတောင်ပေါက်ကွဲမှုကြောင့် မီးခိုးတွေနဲ့ ပြာမှုန်တွေကို ကောင်းကင်ထဲ အမြင့် လေးကီလိုမီတာ (၂ မိုင် ခွဲ) အထိ မှုတ်ထုတ်နေခဲ့တဲ့အတွက် လေယာဉ် ပျံသန်းမှု သတိပေးချက်တစ်ရပ် ထုတ်ခဲ့ရသလို အနီးအနားက ဒေသလေဆိပ်တစ်ခုကိုလည်း ပိတ်ထားခဲ့ရပါတယ်။

ယခု ပေါက်ကွဲမှုမတိုင်ခင် အဆိုပါ မီးတောင်ဟာ ၂၀၁၇ ခုနှစ်မှာ နောက်ဆုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အရှေ့တောင်အာရှ ကျွန်းစုရဲ့ ဝေးလံတဲ့ နေရာမှာ ရှိတဲ့ အဆိုပါ မီးတောင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု ဒါမှမဟုတ် ပျက်စီးမှု သတင်းတွေတော့ မရှိပါဘူး။

ဒါပေမယ့်လည်း နိုင်ငံရဲ့ တောင်ဘက်စွန်းရှိ အရှေ့ နူဆာ တန်ဂါရာ ပြည်နယ်က အဆိုပါ မီးတောင်ထိပ်ဝကနေ ပန်းထုတ်နေတဲ့ မီးတောင်ပြာမှုန်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်အောင်လို့ ဒေသခံတွေ မျက်နှာဖုံး (နှာခေါင်းစည်း) တွေ တပ်ထားကြဖို့ အာဏာပိုင်တွေက အကြံပြုထားပါတယ်။ ဒါ့အပြင် ချော်ရည်တွေ စီးကျနိုင်တဲ့ ဖြစ်နိုင်ခြေ အလားအလာနဲ့ပတ်သက်လို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

“မီးတောင်ပြာတွေကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုတွေကို နည်းနိုင်သမျှ နည်းအောင် လျှော့ချဖို့အတွက် ပြည်သူတွေကို သူတို့ရဲ့ မျက်လုံးတွေ၊ အရေပြားတွေကို ကာကွယ်ဖို့ မျက်နှာဖုံး နဲ့ အခြား အကာအကွယ်ပစ္စည်းတွေ ၀တ်ဆင်ကြဖို့ တိုက်တွန်းအကြံပြုထားပါတယ်” လို့ အမျိုးသား သဘာဝဘေးအန္တရာယ် သက်သာလျော့ပါးရေး အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရာဒစ်ယာ ဂျတီ က ပြောပါတယ်။

အဆိုပါ မီးတောင် နိုဝင်ဘာ ၂၉ ရက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် မီးတောင်ဝရဲ့ ပတ်လည်ဝန်းကျင် နှစ်ကီလိုမီတာရှိ မသွားရဇုန်တစ်ခုကိုလည်း ယခုအခါ လေးကီလိုမီတာကို တိုးချဲ့ထားခဲ့ပါတယ်။ ဒ့ါအပြင် အဆိုပါ ဧရိယာမှာ လေယာဉ်ပျံသန်းမှုတွေ မလုပ်ဖို့ကိုလည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ မီးတောင်ပြာတွေဟာ ယင်းဒေသရှိ ၀ူနိုပစ်တူ လေဆိပ်ကို ကျရောက်ခဲ့ပြီး အဲဒီ လေဆိပ်ကိုလည်း ယာယီပိတ်ထားခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ငလျင်လှုပ်ရှားမှုတွေ မကြာခဏ ဖြစ်ပေါ်တတ်တဲ့ မီးကွင်း (Ring of Fire) ဒေသမှာ တည်ရှိသလို ယင်းနိုင်ငံမှာ မီးတောင်ရှင် ၁၃၀ လောက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းကလည်း ဂျာဗားနဲ့ ဆူမားတြားကျွန်း အကြား ရေလက်ကြားတစ်ခုမှာ ရှိတဲ့ မီးတောင်တစ်ခု ပေါက်ကွဲခဲ့ပြီး ရေအောက် မြေပြိုမှုတစ်ခု ဖြစ်ကာ ယင်းကနေတဆင့် ဆူနာမီရေလှိုင်းတစ်ခု ဖြစ်ခဲ့လို့ လူ ၄၀၀ ကျော် သေဆုံးခဲ့ရပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly