သမဂ္ဂရင်ပြင်နီ ဆိုင်းဘုတ် စိုက်ထူမည့်ကိစ္စနှင့် ပတ်သက်၍ သဘောထားမှတ်ချက်များ တောင်းခံနေဟုဆို

သမဂ္ဂရင်ပြင်နီ ဆိုင်းဘုတ် စိုက်ထူမည့်ကိစ္စနှင့် ပတ်သက်၍ သဘောထားမှတ်ချက်များ တောင်းခံနေဟုဆို
ဓာတ်ပုံ- ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

နိုဝင်ဘာ ၃၀ ၊ ၂၀၂၀

ရန်ကုန်တက္ကသိုလ် ဝင်းအတွင်းရှိ ဗိုလ်အောင်ကျော် အထိမ်းအမှတ် ကျောက်တိုင်အနီးတွင် သမဂ္ဂ ရင်ပြင်နီ ဆိုင်းဘုတ်နှင့် ကမ္ဗည်းမှတ်တမ်းစိုက်ထူရန် စီစဉ်နေသည့် ကိစ္စအား တက္ကသိုလ်ရှိ ပါမောက္ခဌာနမှုးများ၏ သဘောထားမှတ်ချက်ကို တောင်းခံထားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်က မဇ္ဈိမသို့ ပြောသည်။ 

 “ဒါကတော့ နိုင်ငံတော်အပိုင်ပဲလေ။ ကျောင်းသား၊ ကျောင်းသူဟောင်းတွေရဲ့ ဆုံးဖြတ်ချက်နဲ့အညီပေါ့။ ကျွန်တော်တို့ကျောင်းကတော့ သမဂ္ဂနေရာကို ယူဖို့မရှိပါဘူး။ ဒါပေမယ့် ဒီနေရာကတော့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တာ ဖြစ်တဲ့အတွက် အထက်ကို ဆက်လက်တင်ပြထားတဲ့ သဘောထားတွေတော့ ကျွန်တော်တို့ မသိရသေးပါဘူး။” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။ 

အဆိုပါနေရာကို သမိုင်းဝင်အထင်ကရ အထိမ်းအမှတ်နေရာတခုအဖြစ် သိရှိစေရန်ရည်ရွယ်ပြီး “သမဂ္ဂရင်ပြင်နီ” ဆိုင်းဘုတ်နှင့် ကမ္ပည်းတိုင်ရေးထိုးရန် ရန်ကုန်တက္ကသိုလ် ကျောင်းသား များသမဂ္ဂက စီစဉ်နေခြင်းဖြစ်သည်။ 

 “ကျောင်းသား သမဂ္ဂတွေဖက်ကလည်း ကျွန်တော်တို့ကို အသိပေးထားတဲ့ အဆင့်ပဲ ရှိသေးတယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ယူထားတာ မဟုတ်ပါဘူး။ စိုက်ထူမယ့် စရိတ်တွေကတော့ သူတို့အကုန်ကျခံပြီး စိုက်ထူမှာ ဖြစ်ပါတယ်။” ဟု ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်က ပြောသည်။ 

ကျောင်းသားလှုပ်ရှားမှုများ သန္ဓေတည်ခဲ့ရာ၊နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဖက်ဆစ်စနစ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲများစတင်ရာ၊ ဗိုလ်အောင်ကျော်ကျောက်တိုင်တည်ရှိသည့် သမဂ္ဂရင်ပြင်နီ၏ အခန်းကဏ္ဍသည် တက္ကသိုလ်ရာပြည့်သဘင်တွင် မှေးမှိန်နေကြောင်းလည်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူအချို့ကပြောသည်။ 

ရန်ကုန်တက္ကသိုလ်သည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်တရာပြည့်တော့မည်ဖြစ်ပြီး အမျိုးသားနေ့သည် လည်း လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့ (တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့) တွင် နှစ်တရာပြည့်မည် ဖြစ်သည်။ 

“သမဂ္ဂရင်ပြင်နီ” ဆိုင်းဘုတ်နှင့် ကမ္ပည်းမှတ်တမ်းကို နှစ်တရာပြည့် အမျိုးသားနေ့မတိုင်မီ အပြီးစိုက်ထူနိုင်ရန် စီစဉ်ထားကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှာ တာဝန်ရှိ ကျောင်းသားတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required