အာဖဂန်နစ္စတန်မှာ အသေခံကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းသေဆုံး 

အာဖဂန်နစ္စတန်မှာ အသေခံကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းသေဆုံး 
Photo - AFP

 နိုဝင်ဘာ ၃၀ 

အာဖဂန်နစ္စတန်နိုင်ငံ စစ်အခြေစိုက်စခန်းတစ်ခုမှာ နိုဝင်ဘာ ၂၉ ရက်က အသေခံကားဗုံးခွဲသမားတစ်ဦးက ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ယခုနောက်ပိုင်းလတွေအတွင်း အစိုးရ တပ်ဖွဲ့တွေကို ပစ်မှတ်ထားတဲ့ သွေးထွက်သံယို အများဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ 

နိုင်ငံအရှေ့ပိုင်း ဂါဇနီပြည်နယ် မြို့တော် ဂါဇနီရဲ့ မြို့စွန်မှာ ဒီ တိုက်ခိုက်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဂါဇနီ ပြည်နယ်မှာတော့ တာလီဘန်တွေနဲ့ အစိုးရတပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေကို ပုံမှန်မြင်တွေ့ထားခဲ့ရပါတယ်။ 

ဆင်းရဲနွမ်းပါးပြီး ချွတ်ခြုံကျနေတဲ့ နိုင်ငံမှာ ဆယ်စုနှစ် နှစ်ခုနီးပါးအတွင်း လူပေါင်း သောင်းချီ သေဆုံးစေခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အစိုးရနဲ့ တာလီဘန်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်လုပ်ဆောင်နေချိန်မှာ ဒီ တိုက်ခိုက်မှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။  

“အလောင်း ၃၀ နဲ့ ဒဏ်ရာရသူ ၂၄ ဦးတို့ကို ဆေးရုံကို သယ်ဆောင်ခဲ့ပါတယ်၊ အားလုံးဟာ လုံခြုံရေး ဝန်ထမ်းတွေ ဖြစ်ပါတယ်” လို့ ဂါဇနီ ဆေးရုံ ညွန်ကြားရေးမှူး ဘက်ဇ် မိုဟာမက် ဟီမက်က အေအက်ဖ်ပီကို ပြောပါတယ်။ 

အသေခံ ဗုံးခွဲသမားတစ်ဦးဟာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့် တင်ဆောင်ထားတဲ့ ကားတစ်စီးကို ဖောက်ခွဲသွားခဲ့တာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တာရစ် အေရီယန်က ပြောပါတယ်။ 

“အသေခံဗုံးခွဲသမားဟာ စစ်အခြေစိုက်စခန်းထဲကို ဟမ်ဗီး ကားတစ်စီးနဲ့ တည့်တည့်မောင်းဝင်လာခဲ့ပြီး ဖောက်ခွဲသွားခဲ့တာပါ” လို့ ဂါဇနီ အုပ်ချုပ်ရေးမှူးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဝါဟီဒူလာ ဂူမာဇာဒါက အေအက်ဖ်ပီကို ပြောပါတယ်။ 

စစ်အခြေစိုက်စခန်းကတော့ တောင်ကုန်းတွေ ဝန်းရံထားတဲ့ မိုးခေါင်တဲ့ မြေဧရိယာမှာ တည်ရှိတာ ဖြစ်ပါတယ်။ 

ဗီဒီယိုရုပ်သံတစ်ခုထဲမှာတော့ စစ်ဘက် လူနာတင်ကားတွေက အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံတွေဆီ သယ်သွားနေတာနဲ့ အခြေစိုက်စခန်း တိုက်ခိုက်မှုဖြစ်တဲ့နေရာမှာ အပျက်အစီးအပုံတွေကို ကရိန်းတွေနဲ့ ဖယ်ရှားဖို့ လုပ်နေတာတွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။ 

ဒီ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာကို လက်ရှိအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ 

ဒီ ဂါဇနီ တိုက်ခိုက်မှုမတိုင်ခင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သမိုင်းဝင်မြို့ ဘာမီယန်မှာ ဗုံးနှစ်လုံး ပေါက်ကွဲလို့ လူ ၁၄ ဦး သေဆုံးခဲ့ပါသေးတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly