နိုင်ဂျီးရီးယားမှာ ဘိုကိုဟာရမ် လက်ချက်ကြောင့် သေဆုံးခဲ့တဲ့ လယ်ယာလုပ်သား ၄၃ ဦးကို မြေမြှုပ်သြင်္ဂိုလ် 

နိုင်ဂျီးရီးယားမှာ ဘိုကိုဟာရမ် လက်ချက်ကြောင့် သေဆုံးခဲ့တဲ့ လယ်ယာလုပ်သား ၄၃ ဦးကို မြေမြှုပ်သြင်္ဂိုလ် 
Photo - AFP

 နိုဝင်ဘာ ၃၀ 

နိုင်ဂျီးရီးယားနိုင်ငံ မိုင်ဒူဂူရီမြို့အနီး စပါးခင်းတွေထဲမှာ ဘိုကိုဟာရမ် စစ်သွေးကြွတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ လယ်ယာ အလုပ်သမား ၄၃ ဦးကို နိုဝင်ဘာ ၂၉ ရက်က မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ပြီး အဲဒီလို မြေမြှုပ်သင်္ဂြိုလ်မှုမှာတော့ ဘော်နိုပြည်နယ် အုပ်ချုပ်ရေးမှူး ဘာဘာဂါနာ အူမာရာ ဇူလမ် ပါဝင်တက်ရောက်ခဲ့ပါတယ်။ 

ဘိုကိုဟာရမ် စစ်သွေးကြွတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့အနီး စပါးခင်းတွေထဲမှာ လယ်ယာစိုက်ပျိုးရေး လုပ်သား ၄၃ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး အခြား ခြောက်ဦးကို ဒဏ်ရာတွေ ရရှိစေခဲ့တယ်လို့ ဂျီဟတ်ဒစ် ဆန့်ကျင်ရေး ပြည်သူ့စစ်အဖွဲ့တစ်ခုက အေအက်ဖ်ပီကို ပြောပါတယ်။ 

တိုက်ခိုက်သူတွေဟာ ခိုရှိုဘီ ရွာမှာ  လယ်ယာစိုက်ပျိုးရေး လုပ်သားတွေကို တုပ်နှောင်ပြီး လည်ပင်း လှီးခဲ့တယ်လို့ အဆိုပါ အဖွဲ့က ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုအပေါ် နိုင်ဂျီးရီးယားသမ္မတ မူဟမ်မာဒူ ဘူဟာရီက ပြစ်တင်ရှုတ်ချသွားခဲ့ပါတယ်။ “ဒီ အသိတရား မဲ့တဲ့ သတ်ဖြတ်မှုတွေကြောင့် တစ်နိုင်ငံလုံး ထိခိုက်ခံစားခဲ့ရပါတယ်” လို့ ဘူဟာရီက ပြောပါတယ်။ 

“ကျွန်တော်တို့ အလောင်း ၄၃ လောင်း ပြန်ရခဲ့ပါတယ်၊ အားလုံးဟာ ရက်ရက်စက်စက် အသတ်ခံထားရတယ်၊ အခြား ခြောက်ဦးလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့တယ်” လို့ အသက်ရှင်လွတ်မြောက်သူတွေကို ကူညီပေးခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဘာဘာကူရာ ခိုလိုက ပြောပါတယ်။ 

“ဒါကတော့ ဒီ ဧရိယာမှာ လှုပ်ရှားနေပြီး တောင်သူတွေကို မကြာခဏ တိုက်ခိုက်နေတဲ့ ဘိုကိုဟာရမ်တို့ရဲ့ လက်ချက် ဖြစ်နိုင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။ 

သေဆုံးသူတွေကတော့ အကြမ်းဖျင်း ကီလိုမီတာ ၁,၀၀၀ (မိုင် ၆၀၀) ကွာဝေးတဲ့ နိုင်ငံအနောက်မြောက်ပိုင်းက ဆိုကိုတို ပြည်နယ်က အလုပ်သမားတွေဖြစ်ကြပြီး ၎င်းတို့ဟာ အလုပ်ရှာဖို့ အရှေ့မြောက်ပိုင်းကို လာရောက်ခဲ့ကြသူတွေဖြစ်တယ်လို့ အခြား ပြည်သူ့စစ်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ အီဘရာဟင် လီမန်က ပြောပါတယ်။ 

“စပါးခင်းတွေမှာ ရိတ်သိမ်းဖို့ စာချုပ်ချုပ်ခဲ့တဲ့ လယ်သမား ၆၀ ရှိခဲ့ပါတယ်၊ ၄၃ ယောက်က အသတ်ခံရပြီး ခြောက်ဦးက ဒဏ်ရာရခဲ့ပါတယ်” လို့ လီမန်က ပြောပါတယ်။ 

အခြား ရှစ်ဦးလည်း ပျောက်ဆုံးနေပြီး ၎င်းတို့ကိုတော့ ဂျီဟတ်ဒစ်တွေ ပြန်ပေးဆွဲသွားပြီလို့ ယူဆရတယ်လို့လည်း ၎င်းက ပြောပါတယ်။ 

အလောင်းတွေကိုတော့ နှစ်ကီလိုမီတာ ဝေးတဲ့ ဇာဘာမာရီ ရွာကို သယ်လာခဲ့ပြီး တနင်္ဂနွေနေ့ မြှုပ်နှံမှုမတိုင်ခင် အဲဒီမှာ ထားရှိထားခဲ့တယ်လို့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ ဒေသခံတစ်ဦးဖြစ်တဲ့ မာလာ ဘာနူက ပြောပါတယ်။ 

ပြီးခဲ့တဲ့လကလည်း မတူညီတဲ့ သီးခြားဖြစ်စဉ်နှစ်ခုမှာ မိုင်ဒူဂူရီ အနီး စိုက်ခင်းတွေမှာ အလုပ်လုပ်နေခဲ့တဲ့ တောင်သူ ၂၂ ဦးကို ဘိုကိုဟာရမ် စစ်သွေးကြတွေ သတ်ဖြတ်ခဲ့ပါသေးတယ်။ 

ဘိုကိုဟာရမ်နဲ့ ISWAP (အိုင်အက်စ်နဲ့ ဆက်နွယ်တဲ့ အစ္စလမ္မစ်နိုင်ငံတော်အနောက်အာဖရိကပြည်နယ်) အဖွဲ့တို့ဟာ ၎င်းတို့ရဲ့ အကြမ်းဖက် ကမ်ပိန်းမှာ သစ်ခုတ်သမားတွေ၊ တိရစ္ဆာန်ကျောင်းသူတွေနဲ့ ငါးဖမ်းသမားတွေကို တိုးမြှင့်ပစ်မှတ်ထားခဲ့ကြပြီး ၎င်းတို့ရဲ့ သတင်းအချက်အလက်တွေကို စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဆီ သူလျှိုလုပ် သတင်းပေးနေခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

၂၀၀၉ ခုနှစ်နောက်ပိုင်း လူပေါင်း နှစ်သန်းခန့်ကို အိပ်ပစ်ရာပစ် ထွက်ပြေးစေခဲ့တဲ့ ဂျီဟတ်ဒစ် ပဋိပက္ခအတွင်း လူပေါင်း ၃၆,၀၀၀ ထက်မနည်း အသတ်ခံခဲ့ရပါတယ်။ 

အဆိုပါ ရက်စက်ကြမ်းကြုတ်မှုတွေဟာ အိမ်နီးချင်း နိုင်ဂျာ၊ ချတ် နဲ့ ကင်မရွန်းတို့ဆီအထိ ပျံ့နှံ့ကူးစက်ခဲ့တဲ့အတွက် စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ ဒေသတွင်း စစ်ရေး ပူးပေါင်းမဟာမိတ်အဖွဲ့တစ်ခုကိုပါ ထူထောင်ခဲ့ရပါတယ်။ 

ဘော်နို ပြည်နယ်မှာ ဒေသ ရွေးကောက်ပွဲတွေအတွက် မဲပေးသူတွေ မဲရုံတွေဆီ သွားခဲ့ချိန် တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ 

ဘိုကိုဟာရမ်နဲ့ ISWAP တို့ရဲ့ တိုက်ခိုက်မှုတွေ တိုးမြှင့်ဖြစ်ပေါ်နေခဲ့တာကြောင့် ရွေးကောက်ပွဲတွေကိုလည်း ထပ်ခါတလဲလဲ ရွှေ့ဆိုင်းထားခဲ့ရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly