အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုမှ မီးခိုးမည်းတွေနဲ့ ပြာမှုန်တွေ မှုတ်ထုတ် 

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုမှ မီးခိုးမည်းတွေနဲ့ ပြာမှုန်တွေ မှုတ်ထုတ် 

နိုဝင်ဘာ ၃၀ 

အင်ဒိုနီးရှားနိုင်ငံက အိုင်လီ လီဝိုတိုလော့ခ် မီးတောင်ဟာ နိုဝင်ဘာ ၂၉ ရက်က ပေါက်ကွဲခဲ့ပြီး မီးခိုးတွေနဲ့ ပြာမှုန်တွေ ကောင်းကင်ထဲကို အမြင့် လေးကီလိုမီတာ (၂ မိုင် ခွဲ) အထိ မှုတ်ထုတ်နေခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် လေယာဉ်ပျံသန်းမှု သတိပေးချက်တစ်ခု ထုတ်ခဲ့ရပြီး ဒေသမှာရှိတဲ့ လေဆိပ်တစ်ခုကိုလည်း ပိတ်ခဲ့ရပါတယ်။ 

အရှေ့တောင်အာရှ ကျွန်းစုရဲ့ ဝေးလံအစွန်းအဖျားကျတဲ့ အပိုင်းဧရိယာမှာ ရှိတဲ့ အဆိုပါ မီးတောင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု ဒါမှမဟုတ် ထိခိုက်ပျက်စီးမှု သတင်းတွေ ထွက်ပေါ်ခဲ့တာတော့ မရှိပါဘူး။ 

ဒါပေမယ့် မီးတောင်ရဲ့ သတိပေးချက် အဆင့်ကို ဒုတိယမြောက် အမြင့်ဆုံး လယ်ဗယ်အထိ အာဏာပိုင်တွေက မြှင့်ထားခဲ့ပြီး ဖြစ်နိုင်ခြေရှိ ချော်ရည် စီးဆင်းမှု အလားအလာနဲ့ပတ်သက်လို့လည်း သတိပေးထားပါတယ်။ 

မီးတောင်ဝရဲ့ ပတ်လည်ဝန်းကျင် နှစ်ကီလိုမီတာရှိ မသွားရဇုန်တစ်ခုကိုလည်း ယခုအခါ လေးကီလိုမီတာကို တိုးချဲ့ထားခဲ့သလို အဆိုပါ ဧရိယာမှာ လေယာဉ်ပျံသန်းမှုတွေ မလုပ်ဖို့ သတိပေးထားပါတယ်။ ဒါ့အပြင် မီးတောင်ပြာတွေဟာ အရှေ့ နူဆာ တန်ဂါရာ ပြည်နယ်ရဲ့ ဝူနိုပစ်တူ လေဆိပ်ကို သွန်းကျခဲ့ပြီး အဲဒီ လေဆိပ်ကိုလည်း ယာယီပိတ်ထားခဲ့ရပါတယ်။ 

“မီးတောင်ဝကနေ လေးကီလိုမီတာ ပတ်လည် အဝန်းအဝိုင်းဧရိယာထဲ ဘာလှုပ်ရှားသွားလာမှုမှ မလုပ်ကြဖို့ ပြည်သူတွေကို သတိပေးအကြံပြုထားပါတယ်” လို့ အင်ဒိုနီးရှားရဲ့ ဘူမိဗေဒ အေဂျင်စီက ပြောပါတယ်။ 

အင်ဒိုနီးရှားဟာ ငလျင်လှုပ်ရှားမှုတွေ မကြာခဏ ဖြစ်ပေါ်တတ်တဲ့ မီးကွင်း (Ring of Fire) ဒေသမှာ တည်ရှိသလို ယင်းနိုင်ငံမှာ မီးတောင်ရှင် ၁၃၀ လောက် ရှိနေပါတယ်။ 

၂၀၁၈ နှစ်ကုန်ပိုင်းကလည်း ဂျာဗားနဲ့ ဆူမားတြားကျွန်း အကြား ရေလက်ကြားတစ်ခုမှာ ရှိတဲ့ မီးတောင်တစ်ခု ပေါက်ကွဲခဲ့ရာမှာ ရေအောက် မြေပြိုမှုတစ်ခု ဖြစ်ပြီး ယင်းကနေတဆင့် ဆူနာမီရေလှိုင်းတစ်ခု ဖြစ်ခဲ့လို့ လူ ၄၀၀ ကျော် သေဆုံးခဲ့ရပါသေးတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly