ရခိုင်မှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ဂျပန်အထူးကိုယ်စားလှယ်တိုက်တွန်း

ရခိုင်မှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ဂျပန်အထူးကိုယ်စားလှယ်တိုက်တွန်း
ဓာတ်ပုံ - အောင်အောင်ထူး/မဇ္ဈိမ

နိုဝင်ဘာ ၂၈

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စာလှယ်ဖြစ်သူ မစ္စတာ ရိုဟီဆာဆာကာဝါက ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲပြန်လုပ်သွားရန် ရခိုင်အမျိုးသားပါတီ(ANP) နှင့် ယနေ့ စနေနေ့ နေ့လည်ပိုင်းက  တွေ့ဆုံကြစဉ် တိုက်တွန်းပြောဆို သွားသည်။

ဒီကနေ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေဟိုတယ်တွင် ရခိုင်အမျိုးသားပါတီ၊ ရခိုင်ပြည်နယ်လွှတ်တော်မှ တာဝန်ရှိသူတို့နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုသွားခြင်း ဖြစ်သည်။ “ သူတို့ဘက်က ရွေးကောက်ပွဲဖြစ်ဖို့အတွက် ကြိုးစားပြီး ဆောင်ရွက်ခဲ့တဲ့ကိစ္စ၊ သူက အတက်နိုင်ဆုံး တိုက်တွန်းတာဘဲ။ အဲ့လိုဆောင်ရွက်ဖို့ အသေးစိတ်လေ့လာဖို့ ရခိုင်ပြည်နယ်ကို လာခဲ့တာဘဲ ” ဟု တွေ့ဆုံပွဲတွင် ပါဝင်တက်ရောက်ခဲ့သူ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

ထို့တွေ့ဆုံမှုတွင် မစ္စတာ ဆာဆာကာဝါက ရခိုင်ပြည်နယ်၏ လူသားချင်းစာနာမှု လုပ်ငန်းများအတွက် ဂျပန်ဘက်မှ အမေရိကန်ဒေါ်လာ နှစ်သိန်း ကူညီပေးမည်ဟု ပြောဆိုသွားသည်။

 “ သူတို့လာတာတော့ အပြုသဘော ဆောင်ပါတယ်။ တို့ကတော့ မျှော်လင့်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ဖြစ်ဖို့ အဲ့ဒီရွေးကောက်ပွဲကနေတဆင့် ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး ဒီကနေတဆင့် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ပါတယ် ” ဟု ဦးစံကျော်လှက သုံးသပ်ပြောဆိုသည်။ ဆွေးနွေးမှုနှင့် ပတ်သက်ပြီး တော်တော်လေးအဆင်ပြေသည်ဟု ဦးစံကျော်လှက ဆိုသည်။

မစ္စတာ ဆာဆာကာဝါဟာ ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး အဓိက သုံးချက် ဆွေးနွေးသွားသည်ဟု ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာကော်မတီဝင် ဦးထွန်းအောင်ကျော်က ဆိုသည်။ ယင်းအချက် သုံးချက်မှာ ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲပြန်လည်း ကျင်းပနိုင်ရေး၊ လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ နှစ်သိန်း ပေးအပ်မည့်ကိစ္စနှင့် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများဟု ဦးထွန်းအောင်ကျော်က ပြောသည်။

မစတာဆာဆာကာဝါဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အီချီရိုမာရုယာမာနှင့်အတူ ယနေ့နေ့လည်ပိုင်းက ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်များသို့ တပ်မတော်က စီစဉ်ပေးသော လေကြောင်းခရီးစဉ်ဖြင့် သွားရောက်လေ့လာခဲ့ကြခြင်း ဖြစ်သည်။ ထို့သို့လေ့လာအပြီး ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ၊ အတွင်းရေးမှူး ဦးခိုင်ပြည်စိုး၊ မူဝါဒရေးရာကော်မတီမှ ဦးထွန်းအောင်နှင့် ဒေါ်အေးနုစိန်တို့ တက်ရောက်ကာ ရခိုင်ပြည်နယ်လွှတ်တော်ပိုင်းက လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှတို့ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းပခဲ့ရသော မြောက်ပိုင်းမြို့နယ် ကိုးမြို့နယ်ရှိပြီး  ရက္ခိုင့်တပ်(AA)နှင့် တပ်မတော်တို့ဘက်က ယင်းမြို့နယ်များတွင် ရွေးကောက်ပွဲပြန်လည် ကျင်းပရန်နိုင်ရန် တိုက်တွန်းထားချက်များ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly