COVID-19 ကာကွယ်ဆေးနဲ့ နည်းပညာအတွက် ဒေါ်လာ ၆ ဘီလီယံ စာချုပ် ထိုင်း လက်မှတ်ရေးထိုး 

COVID-19 ကာကွယ်ဆေးနဲ့ နည်းပညာအတွက် ဒေါ်လာ ၆ ဘီလီယံ စာချုပ် ထိုင်း လက်မှတ်ရေးထိုး 
Photo - AFP

နိုဝင်ဘာ ၂၈ 

ထိုင်းနိုင်ငံအတွင်းမှာ COVID-19 ကာကွယ်ဆေး ရရှိရေးနဲ့ ကိုယ်ပိုင်ထုတ်လုပ်နိုင်ရေးအတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ဆေးဝါးကုမ္ပဏီ AstraZeneca တို့ သဘောတူညီချက်တစ်ရက်ကို သောကြာနေ့မှာ လက်မှတ်ရေးထိုးပါတယ်။ 

အောက်စဖို့ဒ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ နောက်ဆုံး စမ်းသပ်ရလဒ်မှာ COVID-19 လက္ခဏာတွေကို ရပ်တန့်အောင် ထိရောက်မှုရှိကြောင်း တွေ့ရှိထားတာပါ။ 

နောက်ဆုံးအဆင့် စမ်းသပ်ချက်မှာ ရလဒ်ကောင်းတွေ ရထားတယ်လို့ မကြာသေးခင်က ကြေညာထားတဲ့ Pfizer-BioNTech နဲ့ Moderna ကုမ္ပဏီတွေရဲ့ ကာကွယ်ဆေး နှစ်မျိုးထက်လည်း ဈေးပိုသက်သာပါတယ်။ 

COVID-19 ကို ၉၀ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ သုတေသနပညာရှင်တွေ ပြောထားတဲ့ အောက်စဖို့ဒ်နဲ့ AstraZeneca တို့ရဲ့ ကာကွယ်ဆေးဟာ သိုလှောင်ပို့ဆောင်မှုမှာလည်း ပိုပြီး လွယ်ကူအဆင်ပြေတာကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ စရိတ်စက သက်သက်သာသာနဲ့ တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ 

“ဆေး ၂၆ သန်းအတွက် ကြိုတင်အမှာစာ ဝယ်ယူမှုကို လက်မှတ်ထိုးနိုင်တာကြောင့် ကျွန်တော်တို့တွေ ကာကွယ်ဆေးကို ရရှိပြီဖြစ်ပါတယ်။ ဒီ ဆေးဟာ ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းကို ကျဆင်းစေရာမှာ အထောက်အကူပြုမှာပါ။ ဒါအပြင် ဗိုင်းရပ်စ်ကူးစက်သူတွေကို ကျန်းမာရေး စောင့်ရှောက်ရတာကြောင့် အစိုးရရဲ့ ဘဏ္ဍာရေး စရိတ်ထောင်းနေတာကိုလည်း သက်သာစေမှာပါ။ စီးပွားရေးကို အရှိန်နဲ့ ပြန်လည်ဦးမော့လာစေရာမှာလည်း စေ့ဆော်ပေးနိုင်မှာ ဖြစ်ပါတယ်။”ဆိုပြီး ထိုင်းကျန်းမာရေးဝန်ကြီး အနုတင်ချန်ဗီရာကုက ပြောပါတယ်။ 

ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း “ဒီ COVID-19 ကာကွယ်ဆေး ရရှိအောင် ကျန်းမာရေးဝန်ကြီးဌာနနဲ့ အခြား သက်ဆိုင်ရာဌာနတွေရဲ့ ကြိုးပမ်းနေကြတဲ့ အစီအစဉ်ကို ကျွန်တော် ထောက်ခံပါတယ်။ အခုတော့ ဒီ အစီအစဉ်ဟာ အကောင်အထည် ပေါ်လာပါပြီ။ ထိုင်းပြည်သူတွေအနေနဲ့ ၂၀၂၁ မှာ ကာကွယ်ဆေးကို ရကြတော့မယ်လို့ ကျွန်တော် ထင်ပါတယ်။”ဆိုပြီး ပြောပါတယ်။ 

“ကျွန်တော်တို့ နိုင်ငံက ပြည်သူတွေကိုပဲ ကာကွယ်ဆေး ပေးဝေတာမျိုးအပြင် အချင်းချင်းကြား ဂရုတစိုက်ရှိကြတဲ့ အာဆီယံက အခြားနိုင်ငံတွေနဲ့လည်း ကျွန်တော်တို့ သဘောတူထားတာ ရှိပါတယ်။ ကာကွယ်ဆေးဟာ လူတိုင်းရနိုင်တဲ့ ဆေးအဆင့် ဖြစ်ရပါမယ်။”လို့ သူက ဆက်လက်ပြောပါတယ်။ 

အခု လက်မှတ်ထိုးတဲ့ သဘောတူညီချက်အရ COVID-19 ထိုးဆေးအလုံးပေါင်း ၂၆ သန်း ပေးဝေတာအပြင် ဆေးထုတ်လုပ်တဲ့ နည်းပညာ လွှဲပြောင်းမှုပါ ပါဝင်တာဖြစ်ပြီး သဘောတူစာချုပ်ရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံတန်ဖိုး ရှိတဲ့ စာချုပ်တစ်ရပ်ပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly