မည်သည့် ကိုဗစ်ကာကွယ်ဆေး အမျိုးအစားမဆို မြန်မာက ယူမည် 

နိုဝင်ဘာ ၂၇၊ ၂၀၂၀ 

နိုင်ငံတကာတွင် COVID-19 ကာကွယ်ဆေး ရရှိရန် အပြိုင်အဆိုင် လေ့လာစမ်းသပ်မှုများ ပြုလုပ်နေကြပြီး ကာကွယ်ဆေး ရရှိမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် ရွေးချယ်ခွင့် သိပ်မရှိဘဲ ရရာ ကာကွယ်ဆေးကို ယူရမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။  

“ကိုယ့်ဘက်ကတော့ ရွေးချယ်ခွင့် သိပ်အများ ကြီးမရှိဘူး။ သူတို့ပေးတဲ့ဟာကို ယူရမှာ။ ဒီမှာလည်း ကျွန်တော်တို့က သိပ်ချေးများနေလို့မရဘူး။ ဒီလိုအနေအထားမျိုးမှာ ရတဲ့ဟာကို ဦးစားပေးပြီး ထိုးရမှာပေါ့။ ကိုယ်နဲ့ အကိုက်ညီဆုံးကတော့ အကောင်းဆုံးကတော့ အနုတ် ၇၀ ဆိုရင် အအေးလမ်းကြောင်းက အရမ်းခက်ခဲမယ်။ အထူးသဖြင့် ဝေးလံခက်ခဲတဲ့ဒေသတွေ အနုတ် ၇၀ နဲ့ သယ်သွားဖို့ဆိုတာ မလွယ်ဘူးပေါ့။ ဒါပေမယ့် ခုနကလို အနုတ် ၂၀ ဆိုရင် နီးစပ်တယ်။ - 2 to 8 (အနုတ် ၂ ဒီဂရီမှ ၈ ဒီဂရီ) မှာ ထားလို့ရမယ်ဆိုရင် အကောင်းဆုံးပေါ့။ ဒီလိုမျိုး အအေးလမ်းကြောင်း သက်သာလေလေ ကျွန်တော်တို့နဲ့ ကိုက်ညီလေလေလို့တော့ ပြောလို့ရတာပေါ့နော်” ဟု ဒေါက်တာ သန်းနိုင်စိုးက မဇ္ဈိမက ပြောသည်။ 

နိုင်ငံတကာတွင် စမ်းသပ်လေ့လာနေသည့် ကာကွယ်ဆေးများထဲတွင် အချို့ကာကွယ်ဆေးသည် အအေးဓာတ် အနုတ် ၇၀ ဒီဂရီတွင် ထားရမည့်ဆေးများဖြစ်ပြီး ထိုဆေးထားရန် အအေးခံသေတ္တာသည် သယ်ယူပို့ဆောင်ရေးအရ အလွန်ခက်ခဲသောကြောင့် တစ်နိုင်ငံလုံး ဖြန့်ဖြူးရန် အဆင်မပြေနိုင်ကြောင်း၊ ထိုဆေးသည် အနုတ် ၂ ဒီဂရီမှ ၈ ဒီဂရီကြား ရောက်အောင် ပြန်ဖျော်ရမည်ဖြစ်ပြီး ဖျော်ပြီး ငါးရက်အတွင်း အသုံးပြုရမည် ဖြစ်ကြောင်း ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။  

အချို့ကာကွယ်ဆေးများသည် အနုတ် ၂၀ ဒီဂရီတွင် ထားရှိရမည်ဖြစ်ပြီး အနုတ် ၂ ဒီဂရီမှ ၈ဒီဂရီ သို့ရောက်မှ ထိုး၍ရမည်ဖြစ်ကာ အချို့ဆေးများသည် ရေခဲသေတ္တာထဲတွင် ပုံမှန် သိမ်းထားနိုင်သည့်အတွက် ထိုကာကွယ်ဆေးမျိုးသည် မြန်မာနိုင်ငံအနေအထားဖြင့် ကိုက်ညီကြောင်း ဒေါက်တာ သန်းနိုင်စိုးက ဆိုသည်။  

လက်ရှိအနေအထားအရ နိုင်ငံတကာတွင် လေ့လာစမ်းသပ်နေသည့် ကာကွယ်ဆေးများထဲမှ မည်သည့် ကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အသိအမှတ်ပြုချက်အား ရရှိမည်ဆိုသည်ကို မသိရှိသေးသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် မည်သည့် ကာကွယ်ဆေးရရှိမည်ကိုလည်း အတိအကျ မပြောနိုင်သေးကြောင်းလည်း ၎င်းက ဆိုသည်။  

အချို့ ကိုဗစ်ကာကွယ်ဆေးသည် ယခုနှစ် ဒီဇင်ဘာလတွင် အစောဆုံး ထွက်ရှိနိုင်မည်ဟု ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက ခန့်မှန်းထားပြီး လာမည့် ၂၀၂၁ ခုနှစ် ပထမ လေးလပတ်အတွင်း ကာကွယ်ဆေးအများစု ရရှိနိုင်မည်ဖြစ်ကြောင်းလည်း ခန့်မှန်းထားကြသည်။  

ကာကွယ်ဆေးများ ပေါ်နေသော်လည်း COVID-19 ရောဂါပိုးသည် ရှိနေနိုင်သေးသည့်အတွက် ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေး နည်းလမ်းများအား ဆက်လက် လုပ်ဆောင်နေရဦးမည်ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။  

“ဥပမာ ကာကွယ်ဆေးက နက်ဖြန်ရမယ်ဆိုပါစို့။ ဒီနေ့မှာ ကျွန်တော်တို့က ကာကွယ်မှုတွေ မလုပ်ရင်၊ ၁၅ မိနစ်ပဲ ပိုးတွေ့တဲ့သူနဲ့ အကာအကွယ်မရှိဘဲ နေလိုက်ရင် ကျွန်ခန္ဓာကိုယ်ထဲပိုးဝင်သွားရင် မနက်ဖြန်ရမယ့် ကာကွယ်ဆေးကလည်း ကျွန်တော့အတွက် ဘာမှမထူးခြားတော့ဘူးပေါ့နော်။ ကာကွယ်ဆေးက ထိုးပြီးရင်လည်း ချက်ခြင်း ခန္ဓာကိုယ်ထဲက ပဋိပစ္စည်းတွေ ထွက်တာမဟုတ်ဘူး။ ပဋိပစ္စည်းထွက်ဖို့ အတွက် အတိုင်းအတာတစ်ခုထိ စောင့်ရတယ်ပေါ့နော်။ အဲဒီခါကျတော့ ဘယ်လိုပြောမလဲ ဥပမာ ရေခဲသေတ္တာကြီးနဲ့ ကိုယ့်အိမ်ရှေ့မှာ ကာကွယ်ဆေးပုံးကြီးရောက်နေပြီး မနက်ဖြန်ကျရင် ထိုးရတော့မယ်ဆိုရင် ညဘက်မှာ ပါတီပွဲတွေ တက်လိုက်မယ်ဆိုရင်တော့ ဒီရောဂါကြောင့် ကံဆိုးရင် အသက်ပါ သေဆုံးသွားနိုင်တယ်ပေါ့။ ဒါဘယ်လိုမှ မပေါ့သင့်တဲ့ကိစ္စ သတိမလျော့သင့်တဲ့ကိစ္စ ဖြစ်ပါတယ်” ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။  

ကာကွယ်ဆေးရရှိမည်ဆိုပါက မြန်မာနိုင်ငံသည် AMC-92 အစီအစဉ်တွင် ပါဝင်သည့်အတွက် နိုင်ငံလူဦးရေ၏ သုံးရာခိုင်နှုန်းဖြစ်သော ၁ ဒဿမ ၆သန်းစာအတွက် အရင်ဆုံး ရရှိနိုင်မည်ဖြစ်သည်။   

AMC-92 အစီအစဉ်မှာ ဝင်ငွေနည်းနှင့် ဝင်ငွေ အလယ်အလတ် ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ၉၂ နိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အခြား ချမ်းသာသည့် နိုင်ငံများနည်းတူ မျှတစွာ ရရှိစေရန် စီမံထားသည့် အစီအစဉ် ဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရရှိရန် နိုင်ငံတော်မှ ရန်ပုံငွေထည့်ဝင်ထားသည်။   

ကာကွယ်ဆေး ရရှိလာပါက ကျန်းမာရေး ဝန်ထမ်းများနှင့် ရောဂါကူးစက်ခံရနိုင်ခြေ အများဆုံးရှိသူများ၊ ရောဂါအခံရှိသူ၊ အသက်အရွယ်ကြီးရင့်သူများကို ဦးစွာထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။   

လက်ရှိတွင် ရုရှားက တီထွင်ထားသည့် Sputnik V ကာကွယ်ဆေး၊ အမေရိကန် ဆေးသိပ္ပံကုမ္ပဏီ Moderna က တီထွင်ထားသည့် ကာကွယ်ဆေး၊ အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer နှင့် ဂျာမန် ဇီဝသုတေသနလုပ်ငန်းကြီး BioNTech တို့ ပူးပေါင်းတီထွင်သည့် ကာကွယ်ဆေးတို့မှာ ထိရောက်မှု ၉ဝ ရာခိုင်နှုန်းအထက် ရှိကြောင်း ကြေညာခဲ့ပြီး ဗြိတိန်ဆေးဝါးကုမ္ပဏီ AstraZeneca နှင့် Oxford တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးမှာ လက်တွေ့စမ်းသပ်မှုများအရ ပျမ်းမျှ ၇၀ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။     

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly