မဇ္ဈိမက ဖော်ပြခဲ့သော ဦးအောင်မြိုင်နှင့် အလှူ

မဇ္ဈိမက ဖော်ပြခဲ့သော ဦးအောင်မြိုင်နှင့် အလှူ

နိုဝင်ဘာ ၂၇ 

မဇ္ဈိမမီဒီယာက စစ်မှုထမ်းဟောင်းတစ်ဦး ပင်စင်ပေါင်ထားရခြင်းနှင့် ပတ်သက်ပြီး သတင်းဆောင်းပါးတစ်ပုဒ်ကို နိုဝင်ဘာ ၂၄ ရက် နေလည်ပိုင်းခန့်က ဖော်ပြခဲ့သည်။ ထို့ဖော်ပြပြီး သိပ်မကြာခင်မှာဘဲ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် ပျံနှံ့သွားပြီး တပ်မတော်ပိုင်းက သိရှိသွားသည်။ ထို့နေ့ ညနေ ၅ နာရီ ဝန်းကျင်မှာ ဦးအောင်မြိုင်တို့ လင်မယားနှစ်ဦးနေထိုင်ရာ ဝါးတောင်စခန်းအနီးသို့ ဆိုင်ကယ်နှစ်စီး ရောက်လာသည်။ စစ်မှုထမ်းဟောင်းအဖွဲ့က ခေါ်ခိုင်းလိုက်ကြောင်း ရှင်းပြသည်။ ဦးအောင်မြိုင် တစ်ပါတည်း လိုက်သွားသည်။ ဦးအောင်မြိုင်စိတ်ထဲတွင်တော့ ထောက်ပံ့ကြေးငွေ သို့မဟုတ် ချေးငွေကိစ္စဟု ထင်ခဲ့သည်။

တိုင်းစစ်မှူထမ်းဟောင်းအဖွဲ့က အလှူငွေပေးအပ်နေစဉ်

ဝါးတောင်မှ သုံးဆယ်အထိ ၄ မိုင် ၇ ဖာလုံခရီးနှင်ပြီးမှ မင်းကုန်းသို့ ရောက်ပါသည်။ ဦးအောင်မြိုင်ထွက်လာသည်ဆိုသည်နှင့် သုံးဆယ်နားတွင် လှည်းကူးအခြေစိုက် (၁၁) တပ်မ၏ တပ်မမှူးနှင့် အမြှောက်တပ် (၆၀၅) တပ်ရင်းမှူးအပါအဝင် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် ၁၅ ဦးခန့်က ဦးအောင်မြိုင်အား စောင့်နေကြသည်။ ထိုပုံရိပ်ကိုတွေ့တော့ စစ်မှုထမ်းဟောင်းက ခေါ်ခိုင်းပြီး ဘာလို့ တပ်မတော်က လာစောင့်နေရသနည်းဆိုသည့် အတွေးဝင်သွားခဲ့သည်ဟု ဦးအောင်မြိုင်က ပြန်ပြောသည်။ တက်မမှူးမှ တစ်ပါတည်း မင်းကုန်းအမှတ်(၁) တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ခေါ်ဆောင်ကာ သတင်းထဲတွင် တွေ့ရှိရကြောင်းနှင့် ဦးအောင်မြိုင်၏ အခက်အခဲအခြေအနေအား မေးမြန်းက အလှူငွေ ငါးသောင်းပေးအပ်သည်။ ထို့နောက် လှည်းကူးစစ်မှုထမ်းဟောင်းအဖွဲ့မှ ဦးအောင်မြိုင်အား ခေါ်ယူတွေ့ဆုံကာ မြို့နယ်စစ်မှူထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌမှ အလှူငွေ ငါးသောင်း ပေးအပ်သည်။

နိုဝင်ဘာ ၂၅ ရက်နေ့တွင် Mizzima Live team မှ ဦးအောင်မြိုင်နှင့် မေးမြန်းရန် ဝါးတောင်အထိ သွားခဲ့ကြပေမယ့် ဝါးတောင်အနီးရှိ ကျောက်‌စောင်းအိုင်ကျေးရွာ အရောက်တွင် ဦးအောင်မြိုင်အား တပ်ဘက်မှ မနေ့ညနေတည်းက ခေါ်သွားကြောင်း သိရသည့်အတွက် သူရှိသောနေရာအား စုံစမ်းချိတ်ဆက်ကာ မင်းကုန်းသို့ Mizzima live အဖွဲ့မှ ပြန်သွားခဲ့ကြပြီး ဦးအောင်မြိုင်နှင့် နေ့လည် ၂ နာရီတွင် တိုက်ရိုက်အမေးမြန်း လုပ်ကြသည်။ တိုက်ရိုက်မမေးမြန်းခင် နာရီဝက်ကျော်က တပ်မတော်ကြည်း၊ ရေ၊ လေ သေနတ်ပစ်အဖွဲ့မှာ အလှူငွေ ကျပ်တစ်သိန်း လာရောက် လှူဒါန်းကြသည်။ မဇ္ဈိမ၏တိုက်ရိုက် ထုတ်လွှင့်မှု မတိုင်ခင်မီနစ်ပိုင်း အလိုတွင်လည်း ပင်စင်အားရွေးပေးမည့် ရန်ကုန်ရှိ ပြည်စုံဝင်းနိုင်ကုမ္ပဏီမှ ကားဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကိုသယ်ကာ ရောက်ရှိလာသည်။ တိုက်ရိုက်ထုတ်လွှင့်အပြီး ပင်စင်စာအုပ်ရွေးရန် လှည်းကူးမြို့ရှိ ပင်စင်ပေါင်ထားရာအိမ်သို့ သွားရောက်ကြပြီး ပင်စင်အား ကျပ် ၅၈၀,၀၀၀  ဖြင့် ရွေးပေးကာ မင်းကုန်းသို့ ပြန်လာကြသည်။ မင်းကုန်းရှိ ဦးအောင်မြိုင်သမီး ငှားနေသောအိမ်သို့ ပြန်လာကာ ငွေကျပ် ၃၂၀,၀၀၀ အား ပြည့်စုံဝင်းနိုင်ကုမ္ပဏီမှ ထပ်လှူသည်။

 ပြည့်စုံဝင်းနိုင် ကုမ္ပဏီက အလှူငွေပေးအပ်နေစဉ်

ပင်စင်စာအုပ်ရွေးပေးသော ပြည့်စုံဝင်းနိုင်ကုမ္ပဏီမှ စုစုပေါင်း ကျပ် ၉၀၀,၀၀၀ (ပင်စင်စာအုပ်က ၅၈၀,၀၀၀ သောင်းနှင့် လှူငွေ ငွေကျပ် ၃၂၀,၀၀၀)၊ ဆန်တစ်အိပ်၊ သုံးပိဿာဆီ တစ်ပုံး၊ ကြက်ဥ သုံးကတ်ဒ်အား လှူသည်။   နှစ်ပေါင်းများစွာ ကင်းကွာနေသော ပင်စာအုပ်ကလေးကို ဦးအောင်မြိုင် ပြန်ရလိုက်ခြင်းဖြစ်သည်။ ဤပင်စင်အား ပြည့်စုံဝင်းကုမ္ပဏီပိုင်ရှင် ရွှေပြည့်စုံဈေးဥက္ကဋ္ဌမှ လှူခိုင်းခြင်း ဖြစ်သည်။

ညနေပိုင်းတွင် အနီးရှိ အမှတ်(၁) တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းမှ အနည်းအကျဉ်း စီစစ်မှုများ လုပ်ခဲ့သည်ကို တွေ့ရသည်။ ယင်းကျောင်းမှ တပ်မတော်သားတစ်ဦးက ဦးအောင်မြိုင် ရောက်ရှိနေသော သူ့သမီးငှားနေသော မင်းကုန်းအမှတ်(၂) ရပ်ကွက်ရှိ အခန်းသို့လာကာ “ ဘယ်သူတွေလာတယ်။ ဘယ်ကလှူတယ် ” စသည်ဖြင့် ဗိုလ်ကြီးအဆင့်ရှိသူနှင့် ဖုန်းဖြင့်ဆက်သွယ်ကာ ဦးအောင်မြိုင်သမီးကြီးအား မေးမြန်းသည်။ ထိုမေးမြန်မှုအား ဦးအောင်မြိုင်နှင့် သူ့သမီး မကြည်ဖြူခဲ့ပေ။ ထိုသို့မမေးသင့်ဟု ပြောသည်။

နိုဝင်ဘာ ၂၆ တွင် လှည်းကူးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ဦးအောင်မြိုင်အား ထပ်ဖိတ်ခေါ်ကာ တွေ့ဆုံသည်။ ထို့တွေ့ဆုံခြင်းသို့ ရန်ကုန်တိုင်းစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌမှ လာရောက်ကာ ဦးအောင်မြိုင်၏ အခက်အခဲအား မေးမြန်း၍ ကျန်ရှိနေသော အခက်အခဲအား မေးသည်။ ဦးအောင်မြိုင်က အကြွေးကျပ် ၄၂၀,၀၀၀ ကျန်နေသေးကြောင်း ပြောသဖြင့် တိုင်းမှ ၂၀၀,၀၀၀၊  မြို့နယ်မှ ၂၂၀,၀၀၀၊ ပေးလှူသည်။ ထို့ငွေအား မင်းကုန်းအမှတ်(၂) ရပ်ကွက်သို့ ရောက်ရောက်ခြင်း ရပ်ကွက်ရှိစစ်မှုထမ်းဟောင်းအဖွဲ့သို့ တစ်ပါတည်း အပြီး ပေးဆပ်လိုက်သည်။ ဤသို့ဖြင့် ဦးအောင်မြိုင်နှင့်အတူ နှစ်ပေါင်းများစွာ ရှိနေခဲ့သော အကြွေးသံသရာမှာ နိတ္တိတန်သွားတော့သည်။ တိုင်းစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌမှ စစ်မှုထမ်းဟောင်းဗဟိုဥက္ကဋ္ဌ၏ လမ်းညွှန်မှုကြောင့် ဦးအောင်မြိုင်အား တွေ့ဆုံကာ အားပေးနှစ်သိမ့်ပေးခဲ့သည်။

ကြည်း၊ ရေ၊ လေ သေနတ်ပစ်အဖွဲ့က အလှူငွေပေးအပ်နေစဉ်

လာမည့် နိုဝင်ဘာ ၂၈ တွင်လည်း သတင်းရဲတပ်ဖွဲ့ SB အဖွဲ့မှ  ဦးအောင်မြိုင်တို့အား တွေ့ဆုံကာမေးမြန်းသွားမည်ဟု ကြိုတင်အသိပေးထားကြောင်း ဦးအောင်မြိုင်သမီးကြီးက ပြောသည်။ ပဲခူးဝန်ကြီးချုပ်မှလည်း ဦးအောင်မြိုင်တို့ မိသားစုအတွက် အိမ်နှင့်ခြံအား ရှာခိုင်းထားသည်။ ထို့အကူအညီအား Ph.D ဒေါက်တာဘွဲ့ရ ဦးဇင်းတစ်ပါးမှတဆင့် နိုဝင်ဘာ ၂၅ ညနေပိုင်းက မိသားစုထံအသိလာပေးခြင်း ဖြစ်သည်။ နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ယနေ့သောကြာနေ နေ့လည်ပိုင်း ဦးအောင်မြိုင်ရှိသော မင်းကုန်းအမှတ်(၂) ရပ်ကွက်သို့ လာရောက်လှူဒါန်းမည်ဟု သိရသည်။ မဇ္ဈိမ‌ကဖော်ပြခဲ့သော ဤဆောင်းပါးကြောင့် လူအတော်များများ လှူဒါန်းရန် ဆက်သွယ်ခဲ့သော်လည်း ငွေပေးပို့ရန် အခက်အခဲကြောင့် မလှူဒါန်းနိုင်ခဲ့ကြပေ။ အလှူရှင်ကိုယ်တိုင် တွေ့ချင်၍ လာရောက်သူများ ရှိသော်လည်း လမ်းလွဲ၍အချိန်နှောင်းသွားသဖြင့် ဦးအောင်မြိုင်ဆီ မရောက်ရှိသော အလှူရှင်အချို့လည်း ရှိပါသည်။ တပ်မတော်သားများအား ချစ်ခင်ကြသော ပရဟိတအဖွဲ့အစည်းများမှလည်း ဆက်သွယ်မေးမြန်းမှုများ ရှိခဲ့သည်။

မည်သို့ပင်ဖြစ်စေ ယခုသတင်းမှာ တစ်နိုင်ငံလုံးအတိုင်အတာအနေဖြင့် သိရှိခဲ့ကြပြီး စစ်မှုထမ်းဟောင်းများ၏ ဘဝရပ်တည်နေရမှုအား သိရှိသွားကြသည်။ ဤအတောအတွင်း လှည်းကူးတွင် ဦးအောင်မြိုင်ကဲ့သို့ ပင်စင်ပေါင်ထား‌ရသော သူအချို့ရှိသည်ကိုလည်း စုံစမ်းသိရှိရသည်။ သို့သော် သူတို့မှာ ဦးအောင်မြိုင်လို တိုက်ပွဲကြောင့် အသက်မသေယုံတမယ် ဒဏ်ရာရ ဖြစ်ခဲ့ရသူများတော့ မဟုတ်။ ဦးအောင်မြိုင်က တပ်မတော်ထဲတွင် ထူးချွန်သော ‌လက်ဖြောက်တပ်သားဖြစ်သည့်အပြင် တိုက်ပွဲကြောင့်သာ လက်ကျိုးသွားခြင်းကြောင့် စစ်မှုထမ်းမဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူက လက်သာမကျိုးခဲ့လျှင် သက်ပြည့်ပင်စင်နှင့် ထွက်လာနိုင်မည်သူ ဖြစ်သည်။

ဦးအောင်မြိုင်၏ ဆောင်းပါးအောက်တွင် မှတ်ချက်ဖြင့် အားပေးသူများနှင့် မျှဝေသူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုသည်။ လူကြီးမင်းတို့၏ ဂရုဏာကြောင့် လူအတော်များများ သိခဲ့ကာ ဦးအောင်မြိုင်၏ အခက်အခဲကို ကူညီပေးနိုင်ခဲ့ခြင်းဟု နားလည်ပါသည်။ ယခုတော့ ပင်စင်စာအုပ် ရွေးနိုင်ခဲ့သည့်အပြင် ဦးအောင်မြိုင်၏ အကြွေး ကျပ် ၄၂၀,၀၀၀ လည်း ကျေသွားပါပြီ။ လက်ထဲတွင်လည်း ကျပ် ၅၂၀,၀၀၀ ရှိထားပါပြီ။ ဒီနေ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ကျပ် ၇၀၀,၀၀၀ ထပ်လှူလိုက်သည့်အတွက် လက်ထဲတွင်လည်း ကျပ် ၁,၂၂၀,၀၀၀ ရှိထားပါပြီ။ အားလုံးကို ကျေးဇူးတင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly