တရုတ်ထုတ် COVID-19 ကာကွယ်ဆေး စမ်းသပ်ခံရာမှာ ပါကစ္စတန်ပါ ပါဝင်လာ 

တရုတ်ထုတ် COVID-19 ကာကွယ်ဆေး စမ်းသပ်ခံရာမှာ ပါကစ္စတန်ပါ ပါဝင်လာ 
Photo - AFP

နိုဝင်ဘာ ၂၇

ပါကစ္စတန်နိုင်ငံတစ်ဝန်းက သုတေသနဆေးရုံတွေဆီ စေတနာ့ဝန် လုပ်အားပေး ထောင်ပေါင်းများစွာ တဖွဲဖွဲ လာရောက်ခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ်အတွက် တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို နောက်ဆုံးအဆင့် စမ်းသပ်ရာမှာ ပါဝင်ထိုးနှံခံကြပါတယ်။ 

အခုလအတွင်း အနောက်နိုင်ငံတွေက ဆေးဝါးကုမ္ပဏီတွေဟာ ရလဒ်ကောင်းတဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်ပြီလို့ ကြေညာထားတာဖြစ်ပြီး ပါကစ္စတန်အနေနဲ့ ခုလို စမ်းသပ်ထိုးနှံခံတာမှာ ပါဝင်လာတာကတော့ ပထမဆုံးပဲ ဖြစ်ပါတယ်။ 

အခု စမ်းသပ်ထိုးနှံပေးတဲ့ ကာကွယ်ဆေးကို CanSinoBio နဲ့ Beijing Institute of Biotechnology China ကုမ္ပဏီတွေက ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 

“လူလောကအတွက် အကူအညီ ဖြစ်စေမယ့် မွန်မြတ်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် ကျွန်တော်အနေနဲ့ ခုလို စေတနာနဲ့ ဆေးထိုးနှံခံတာပါ။”လို့ အစ္စလာမ္မာဘတ်မြို့ ရှီဖာဆေးရုံမှာ ကာကွယ်ဆေး စမ်းသပ်ထိုးနှံခံသူတစ်ဦးက ပြောပါတယ်။ ဒီဆေးရုံမှာ ခုလို စေတနာနဲ့ ပါဝင်ထိုးနှံကြသူ ရာပေါင်းများစွာကို သူတို့ရဲ့ ကထိကထ စရိတ်စကတွေအတွက် အမေရိကန်ဒေါ်လာ ၅၀ ခန့် ပေးနေတာလည်း ဖြစ်ပါတယ်။ 

“အခြားသူတွေအနေနဲ့လည်း လူ့အသက်တွေကို ကယ်တင်နိုင်မယ့် ဒီ မွန်မြတ်တဲ့ အလုပ်မှာ ပါဝင်သင့်ပါတယ်။”လို့လည်း သူက ဆိုပါတယ်။ 

ကာကွယ်ဆေး ထိုးနှံတဲ့ လုပ်ငန်းစဉ်တွေမှာ ပါကစ္စတန်ဟာ တသမတ်တည်း နည်းစနစ်ကျကျ ရှိနေတာ မဟုတ်ပေမယ့်လည်း အခု ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံရေးမှာ တရုတ်က နီးကပ်တဲ့ မဟာမိတ်နိုင်ငံအဖြစ် ရွေးချယ်ခဲ့တာပါ။ 

“နှစ်လ၊ သုံးလအတွင်း ဒီ ကာကွယ်ဆေးရဲ့ အမှန်ရလဒ်နဲ့ ထိရောက်မှုကို ကျွန်တော်တို့ တွေ့ရှိရတော့မယ်လို့ မျှော်လင့်ထားပါတယ်။”ဆိုပြီး ကာကွယ်ဆေးထိုးနှံတဲ့ လုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲရတဲ့ သုတေသီချုပ် အီဂျက်အာမတ်ခန်းက အေအက်ဖ်ပီကို ပြောပါတယ်။ 

ကာကွယ်ဆေး ထိုးနှံခံရဖို့ မျှော်လင့်ပြီး စေတနာနဲ့ ပါဝင်ကြသူ ၁၀၀၀၀ လောက်မှာ ၇၀၀၀ နီးပါးကို ထိုးနှံပေးထားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

တရုတ်ထုတ် အခု ကာကွယ်ဆေးကို လူမှာ ထိုးနှံတဲ့ အကြီးစား စမ်းသပ်မှုဖြစ်တဲ့ အဆင့် ၃ စမ်းသပ်မှုကို တရုတ်၊ ရုရှ၊ ချီလီ၊ အာဂျင်တီးနားနဲ့ ဆော်ဒီအာရေဗျအပါအဝင် အခြားနိုင်ငံတွေမှာလည်း စမ်းသပ်ထိုးနှံပေးနေတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly