ရွေးကောက်ပွဲတရားမဲ့ပြုကျင့်ခံရသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီက အမှုပေါင်း ၁၀၀၀ ကျော် တိုင်ကြားထား

ရွေးကောက်ပွဲတရားမဲ့ပြုကျင့်ခံရသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီက အမှုပေါင်း ၁၀၀၀ ကျော် တိုင်ကြားထား
Photo - U Khin Yi

နိုဝင်ဘာ ၂၆ ၊ ၂၀၂၀

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်ခံခဲ့ရသည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမှုပေါင်း တစ်ထောင်ကျော် တိုင်ကြားထားကြောင်း ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ပြော သည်။

ယင်းသို့တိုင်ကြားထားသည့် အမှုပေါင်း တစ်ထောင်ကျော်ကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်ကြားထားခြင်းဖြစ်ပြီး ရဲစခန်းများတွင် အမှုပေါင်း ၁၂၆ မှု၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် အမှု ပေါင်း ၁၀၄၂ ခု တိုင်ကြားထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ရန်ကုန်မြို့ ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ်တွင် နိုဝင်ဘာလ ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မဲဆွယ်စည်းရုံးရေးကာလ အားလုံးအတူတူပါပဲ။ Equal (ညီမျှမှု) ချမယ်။ ဒီလိုတော့ ပြောလို့မရဘူး။ ဘာ ကြောင့်လဲဆိုတော့ အာဏာရှိတဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရ ကျောထောက်နောက်ခံရှိတဲ့ ပါတီမျိုးက လုပ်ပိုင်ခွင့်မှာ မူတည်ပြီးတော့ ဒီအပေါ်မှာ အကျိူးအမြတ်ထုတ်တဲ့ လှုပ်ရှားမှုတွေ အများအပြားရှိတယ်။ အထူးသဖြင့် နိုင်ငံ တော်ထောက်ပံ့ကြေးပေးတယ်ဆိုတဲ့ဟာမှာ မဲအောင်နိုင်ရေးကို မူတည်ပြီးတော့ ပြောဆိုစည်းရုံး ဆွဲဆောင်မှု တွေ အများအပြားရှိတယ်ဆိုတဲ့ဟာကို လူထုမီဒီယာတွေမှာ မမြင်ချင် အဆုံးပါ။” ဟု ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဌ ဦးခင်ရီက ပြောသည်။

တိုင်ကြားထားသည့် အမှုပေါင်း တစ်ထောင်ကျော်အနက် မဲဆန္ဒနယ်ပြင်ပကြိုတင်မဲဆောင်ရွက်မှုများ၊ နိုဝင်ဘာလ ၈ ရက်နေ့ မဲပေးရာတွင် သေဆုံးသူအမည်ဖြင့် မဲလာပေးခဲ့မှုများ၊ လူတစ်ဦးတည်းက နှစ်ကြိမ်တိုင်မဲပေးမှုများ၊ကိုယ်စား မဲပေးမှုများနှင့် အသက်မပြည့်သေးသူများ မဲလာပေးမှုများ ပါဝင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတာ ဝန်ရှိသူများက ပြောဆိုသည်။

ထို့ပြင် အထောက်အထားမဲ့ မဲပေးခဲ့မှုနှင့် နှစ်ကြိမ်တိုင် မဲပေးခဲ့မှုများမှာ သံသဃဖြစ်ဖွယ်ရှိနေသည့်အတွက် စစ်ဆေးပေးရန်လိုအပ်ပြီး တိုင်ကြားမှုအပေါ် သက်ဆိုင်ရာကမှန်မှန်ကန်ကန်ဆုံးဖြတ်ပါက ရလာဒ်အပြောင်း အလဲ ရှိလာနိုင်ကြောင်းလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ရလာဒ်ပြောင်းခြင်း မပြောင်းခြင်းထက် ကျွန်တော်တို့က ဒီရွေးကောက်ပွဲကြီးရဲ့ ဖြစ်စဉ်တစ်ခုလုံးမှာ တရားမျှတမှု မရှိခဲ့တဲ့ဟာတွေ ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ဟာတွေကို ကျွန်တော်တို့ အသိပေးတာပါ။ ရလာဒ်ပြောင်းခြင်း၊ မပြောင်းခြင်းကတော့ ဆုံးဖြတ်တဲ့ ပုဂ္ဂိုလ်နဲ့ပဲ ဆိုင်ပါတယ်။ ဆုံးဖြတ်တဲ့ ပုဂ္ဂိုလ်က သမာသမတ်ရှိရှိ ဆုံးဖြတ်မယ်ဆိုရင် ရလဒ်က ပြောင်းလဲသွားနိုင်ပါတယ်။” ဟု ဦးခင်ရီက ပြောသည်။

လက်ရှိတိုင်ကြားထားသော အမှုများနှင့်ပတ်သက်၍ အစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးရ မည်ဖြစ်ပြီး တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်သွားမည်ဖြစ် ကြောင်းနှင့် ဥပဒေဘောင်အတွင်းလုပ်ဆောင်မည်အခြေအနေနှင့်ပတ်သက်၍မူ ပြောဆို၍မရသေးကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ရက်နေ့ကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဖွဲ့စည်းအခြေခံဥပဒေပါ ပြဌာန်းချက်များကို ကျော်လွန်လုပ်ဆောင်ကာ ဥပဒေကပေးအပ်ထားသော တာဝန်များကို ပျက်ကွက်ခဲ့သည့်အတွက် ကော်မရှင်အားစုံစမ်းစစ်ဆေးအရေးယူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၉ ပါတီက နိုင်ငံတော်သမ္မတထံ အိပ်ဖွင့်စာပေးပို့ထားသည်။

ယင်းအိတ်ဖွင့်စာတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မလိုလားအပ်သော တရားမဲ့ပြုကျင့်မှုများ ပေါ်ပေါက်ခဲ့သည့်အတွက် လွတ်လပ်ပြီး တရားမျှတသော၊ သမာသမတ်ကျသော ရွေးကောက်ပွဲတစ်ခုအဖြစ် သတ်မှတ်၍ မရကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required