ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်လုပ်ကြံခံရမှု အထူးအမှုစစ်အဖွဲ့ စတင်စစ်ဆေး

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်လုပ်ကြံခံရမှု အထူးအမှုစစ်အဖွဲ့ စတင်စစ်ဆေး

ရန်ကုန်၊ နိုဝင်ဘာ ၂၅ ရက်

ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး အထူးအမှုစစ်အဖွဲ့မှ အခင်းဖြစ်ပွားရာ နေအိမ်သို့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပထမဆုံးအကြိမ် လာရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဦးထိုက်ဇော်၏ သားဖြစ်သူ ကိုသူရဇော်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ဆီ ဒီတာဝန်ရှိသူတွေလာတာက ၂၃ ရက်နေ့လောက်ကပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှတော့ မပြောလိုပါဘူး။ တာဝန်ရှိသူတွေပဲ ဆက်လက်လုပ်ဆောင်မှာဆိုတော့ သူတို့ဖြေကြားတာလေးပဲ ကျွန်တော်တို့ စောင့်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

ဦးထိုက်ဇော်သည် ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူဖြစ်ပြီး ကျောက်မဲဒေသတွင် နှစ်ပေါင်း ၃ဝ အတွင်း NLD ပါတီမှ ပထမဆုံး အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်ညက ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ဆိုင်ကယ်ဖြင့် လူနှစ်ဦးလာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ရန် အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း စစ်ဆေးနေကြောင်း သိရသည်။

ကျောက်မဲမြို့နယ်ရှိ အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အဲ့ဒီအဖွဲ့မှာ ကျွန်တော်တို့ အကြမ်းဖျင်းသိရတာက ရဲပါတယ်။ ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးပါတယ်။ နောက်တစ်ခါ စသုံးလုံး(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန) ပါတယ်။ နောက် SP သတင်းတပ်ဖွဲ့ပါတယ်ပေါ့နော်” ဟု ပြောသည်။

 “ကျွန်တော်တို့ ဒေသမှာ ပစ်ခတ်သတ်ဖြတ်မှုဖြစ်ခဲ့တယ်။ အရေအတွက်များတယ်ပေါ့။ အဲ့ဒီတုန်းကလည်း သာမန်အမှုအခင်းလောက်ပဲ ဖြစ်ပြီး အမှုတွေ မပေါ်ခဲ့ဘူးပေါ့နော်။ အခုကတော့ ထင်ယောင်ထင်မှားမဟုတ်ဘဲနဲ့ နေအိမ်ကိုလာပြီး သေနတ်နဲ့ ပစ်သတ်ခံရတာမျိုးဖြစ်တယ်။ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်း ကြေညာပြီးသားဖြစ်တယ်ဆိုတော့ ဒီအခင်းအကျင်းပေါ်မှာတော့ နိုင်ငံတော်က ပထမဆုံးအကြိမ်စုံစမ်းစစ်ဆေးရေးခုံဖွဲ့ပေးထားတယ်လို့ပဲ သိထားတာပေါ့နော်။ ဓားနဲ့ခုတ်သတ်တာလည်း မဟုတ်ဘူးဗျာ။ သေနတ်နဲ့လာပစ်တာ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်မှာလည်း ဘယ်သူမှ မပြောရဲဘူးဗျ” ဟုအဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

NLD ပါတီမှ အနိုင်ရအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှုနှင့်ပတ်သက်ပြီး တရားခံကို ဥပဒေအရ စုံစမ်းဖော်ထုတ်အရေးယူပေးရန်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၊ ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် တအာင်းပလောင် အမျိုးသားပါတီ (TNP) အပါအဝင် နိုင်ငံရေးပါတီအချို့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၏ နေအိမ်ကို သေနတ်ဖြင့် ပစ်ခတ်ချိန်းခြောက်ခံခဲ့ရခြင်း၊ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်း စိုင်းပြည့်ဖြိုးကျော်ကို လားရှိုးတွင် လူခြောက်ယောက်က ကားကို ရပ်တန့်စေပြီး ဝိုင်းရိုက်ခဲ့ခြင်း စသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့သည်။

ကျောက်မဲမြို့တွင် ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရမှုများ မကြာခဏဖြစ်ပေါ်ခဲ့ပြီး လုပ်ကြံခံခဲ့ရသူများထဲတွင် နိုင်ငံရေးပါတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဟန်းသံဃာများနှင့် သာမန်အရပ်သားများလည်း ပါဝင်သည်။ ကျောက်မဲမြို့မှာပင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင် ငါးဦးထက်မနည်းလုပ်ကြံပစ်သတ်ခံခဲ့ရကြောင်းလည်း ပါတီဘက်မှ သိရသည်။

ဦးထိုက်ဇော်လုပ်ကြံခံခဲ့ရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းသို့ မဇ္ဈိမမှ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly