ကယားတွင် ကန့်သတ်ချုပ်ခြယ်သည့် ဒေသန္တရအမိန့်များ ပယ်ဖျက်ရေး တောင်းဆိုမည် 

ကယားတွင် ကန့်သတ်ချုပ်ခြယ်သည့် ဒေသန္တရအမိန့်များ ပယ်ဖျက်ရေး တောင်းဆိုမည် 
ဓာတ်ပုံ - စောသန်းထိုက်ဦး

 နိုဝင်ဘာ၊ ၂၅၊ ၂၀၂၀ 

အခမ်းအနားနှင့် အစည်းအဝေး ကျင်းပရန် ကြိုတင်ခွင့်ပြုချက်တင်ရခြင်း၊ သဘောထားထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကန့်သတ်ခြင်း စသည်တို့နှင့် ပတ်သက်၍ ကယားပြည်နယ်အတွင်း ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်များကို ပယ်ဖျက်ပေးရန် ကယားပြည်နယ် လွှတ်တော်မှတစ်ဆင့် ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုသွားမည်ဟု တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်မောင်က ပြောသည်။ 

ကန့်သတ်ချုပ်ခြယ်သည့် ဒေသန္တရအမိန့်များနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်း ၁၅ ခုခန့်မှ ကိုယ်စားလှယ်များက ကယားပြည်နယ် လွှတ်တော်ရုံးရေးရာကော်မတီများ ခန်းမဆောင်တွင် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဦးမြင့်မောင်က ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။ 

“ဒေသန္တရအမိန့်တွေ ထုတ်ပြီး ကန့်သတ် ချုပ်ခြယ်တာ ဒီအချိန်မှာ ပယ်ဖျက်ပေးမယ်ဆိုရင် ပြီးဆုံးသွားမယ့် အစိုးရအတွက်လည်း ကောင်းမယ်၊ ဒီကန့်သတ်ချက်တွေ မရှိတော့တဲ့အတွက် နောက်အစိုးရအတွက်လည်း အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုတဲ့ အနေအထားကြောင့် ကျွန်တော်တို့ ဒီအကူးအပြောင်းကာလမှာ ဒါကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်” ဟု ဦးမြင့်မောင်က ပြောသည်။ 

အစည်းအဝေး တက်ရောက်လာသည့် အရပ်ဘက် အဖွဲ့အစည်းများကလည်း ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး ဒေသန္တရအမိန့်များကို ရုတ်သိမ်းပေးရန် လိုလားကြောင်း ဆွေးနွေးပြောဆိုကြသည်။ 

ယင်း ဆွေးနွေးတောင်းဆိုချက်များကို တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ကော်မတီက ကယားပြည်နယ် လွှတ်တော်မှတစ်ဆင့် အစိုးရထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း ဦးမြင့်မောင်က ဆိုသည်။ 

ကယားပြည်နယ်တွင် လက်ရှိ အစိုးရသည် ၂၀၁၇ ခုနှစ် မေလမှစတင်၍ သက်ဆိုင်ရာ မြို့နယ်အလိုက် ဒေသန္တရအမိန့်များကို ထုတ်ပြန်ခဲ့ပြီး နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၀ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။  

ဓာတ်ပုံ - စောသန်းထိုက်ဦး

ဒေသန္တရ အမိန့်များထဲတွင် အရပ်ဘက်အဖွဲ့အစည်းနှင့် ဘာသာရေးဆိုင်ရာ ပွဲတော်များ အခမ်းအနား ကျင်းပရန် အနည်းဆုံး ၁၀ ရက်ခန့် ကြိုတင်ခွင့်ပြုမိန့်ကို ပြည်နယ်အစိုးရထံ တောင်းခံရန် စသည့် အချက်များ ပါဝင်သည်။  

ပြီးခဲ့သည့် မေလ ၃ ရက် နောက်ဆုံး ထုတ်ပြန်ချက်တွင် ပြည်သူလူထုအား ထင်ယောင်ထင်မှား ဖြစ်စေမည့် စကားလုံး အသုံးအနှုန်းများဖြင့် လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း မပြုလုပ်ရန်၊ ဥပဒေနှင့် မညီညွတ်သော မဟုတ်မမှန်သည့် အချက်အလက်များ ပါဝင်သော သဘောထားများ ထုတ်ပြန်ခြင်း၊ ဖော်ပြဆောင်ရွက်ခြင်းကို မည်သည့်နေရာတွင်မျှ မပြုလုပ်ရန် စသည်တို့ ပါဝင်သည်။ 

ကယားပြည်နယ်ရှိ အရပ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် LAIN နည်းပညာ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထင်အောင်က ကယားပြည်နယ် အစိုးရ၏ ဒေသန္တရအမိန့် ကန့်သတ်မှုကြောင့် နစ်နာဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ပြောသည်။ 

“၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှာ ကျင်းပမယ့် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများတွေရဲ့ အဖွဲ့အစည်းများ ညီလာခံဆိုရင် ဒီလို ခွင့်ပြုမိန့် အခက်အခဲကြောင့် ဖွံ့ဖြိုးစပြည်နယ်မှာ လာရောက် လုပ်ဆောင်မယ့် မူလအစီအစဉ်က ပျက်ပြီးတော့ ရန်ကုန်မှာပဲ လုပ်လိုက်ရတယ်။ အဲဒီ အတွက်ကြောင့်မို့လို့ ဟိုတယ်တွေဆိုရင်လည်း အခန်းပေါင်းများစွာ ပယ်ဖျက်ခြင်း ခံလိုက်ရတယ်။ ဟိုတယ်ခန်းမ ငှားရမ်းခတွေ သိန်း ၃၀၀ လောက်အထိ နစ်နာသွားသလို ဒေသတွင်းက ရိုးရာ အစားအသောက် ဆိုင်တွေဆိုရင် တစ်နိုင်ငံလုံးက လာမယ့် အမျိုးသမီးတွေရဲ့ ဝယ်ယူစားသုံးမယ့်ဟာတွေရော လက်ဆောင်ပေးမယ့် ဟာတွေအရရောဆိုရင် ခန့်မှန်းလို့ မရတဲ့ဟာမျိုးတွေ အထိ ရှိတယ်” ဟု ဦး ကျော်ထင်အောင်က ပြောသည်။  

ဒေသန္တအမိန့်များသည် စီမံကိန်း အကောင်အထည်ဖော်မည့် မြေယာနှင့် ပတ်သက်၍ ကန့်ကွက်မှု၊ ၂၀၁၉ ခုနှစ်အတွင်းက ဗိုလ်ချုပ်ကြေးရုပ်တု ကိစ္စ ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီးနောက် ပေါ်ထွက်လာသည့် အမိန့်များဖြစ်သည်။ အချို့ ဒေသန္တရအမိန့်များသည် ဒီမိုကရေစီ နည်းလမ်းမကျ၊ ကိုဗစ်ကပ်ရောဂါနှင့်လည်း မသက်ဆိုင်ဟုဆိုကာ ဒေသခံများ၊ အရပ်ဖက်အဖွဲ့အစည်းများက ကန့်ကွက်မှုများလည်း ရှိခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required